ဆောင်းပါး

လီလီပန်းမျိုးပွား တစ်သျှူးစွမ်းပကား

ဘုရားပန်းလည်းတင်၊ အလှဆင်ရာမှာလည်းတော်ဝင်၊ အရောင်အသွေး အဓိပ္ပာယ် ဖွဲ့ဆိုမှု အမျိုးမျိုး နဲ့ လက်ဆောင်ပေးရာမှာလည်း ကြည်နူးဖွယ်ကောင်းလွန်းလှတဲ့ လီလီပန်းလေးများကို ဈေးကြီးလွန်း တာ ကြောင့် တခါတလေ မြင်သာမြင်ရ မဝယ်နိုင်ရတဲ့အထိ အဖြစ်တွေရှိခဲ့ပါတယ်  ဈေးကြီးတာကလဲ စိုက်ပျိုး ရောင်းချ သူတွေအတွက် ပန်းမျိုး(ပျိုးပင်) စရိတ်မြင့်မားခြင်း၊ စိုက်ပျိုး စရိတ် မြင့်မားခြင်းစတဲ့ အခက်အခဲတွေ့ရှိနိုင် တာကြောင့် လီလီပျိုးပင်လေးတွေသာ ပြည်တွင်း မှာ ဈေးနှုန်းချိုသာစွာ လိုသလောက် ထုတ်လုပ်ပေးနိုင် ရင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒီသတင်း ဆောင်းပါးကို ရေးသားလိုက်ခြင်းဖြစ်ပါတယ် ………….

ပထမဆုံးအနေဖြင့် လီလီပန်းလေးအကြောင်းကို မိတ်ဆက်ပြောပြချင်ပါတယ်။ လီလီဆိုတဲ့အမည်ဟာ Greek  စကား Leiran  ဆိုတဲ့စကားမှ ဆင်းသက်လာတာပါ။ အဓိပ္ပါယ် ကတော့ “ ခင်မင်ရင်းနှီးမှု” လို့ဖွင့် ဆို ကြပါတယ်။ ခင်မင်ရင်းနှီးမှု၊ သန့်ရှင်း စင်ကြယ် ခြင်း နှင့် ပြစ်မျိုးမှည့်မတင်အလှတရားလို့ တင်စားခေါ်ရလောက် အောင် လှပသော ပန်းဖြစ်ပြီး၊ လူကြိုက် အများဆုံး ပန်းတွေဖြစ်တဲ့ နှင်းဆီ၊ ဂန္ဒမာ၊ ကျူးလစ်ပြီးရင် လီလီပန်းဟာ စတုတ္တ နေရာယူ ထားသော ပန်းအမျိုးအစား ဖြစ်ပါသည်။  အရောင်အသွေးစုံလင်တဲ့ လီလီ ပန်းလေးတွေကို  ဘုရားကပ်လှူလျှင် မိမိနှစ်သက်ရာ အရောင်ကို ရွေးချယ် လှူလို့ရပေမဲ့ လက်ဆောင်ပေးမယ် ဆိုရင်တော့ အခြားပန်းတွေလို အရောင်တွေ၏ အဓိပ္ပာယ် ဖော်ပြချက် လေးတွေ ရှိပါသည်။ ဥပမာ- လီလီ အဖြူရောင်ဆိုရင် ရှက်ကြောက်ခြင်း၊ လီလီလိမ္မော်ရောင်သည် စွဲလမ်းခြင်း၊ လီလီအဝါရောင်သည် မြူးကြွခြင်း၊ လီလီခရမ်း ရောင်သည် အချစ်ဦး စတဲ့ အဓိပ္ပာယ် ရည်ညွှန်းချက်တွေ ရေးပေးလေ့ရှိပါတယ်။ လီလီပန်းရဲ့သိပ္ပံအမည်မှာ Genus- Lilium ဖြစ်ပြီး မျိုးရင်း Liliaceae တွင် ပါဝင်ပါတယ်။ ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်း (၂၂၀) ခန့်ရှိပြီး မျိုးကွဲပေါင်း (၁၀၀) ကျော်ရှိတယ်လို့ မှတ်ထားဘူးပါတယ်။ မူးရင်းဒေသက မြောက်အမေရိကတိုက်၊ ဥရောပ တိုက်နှင့် အာရှတိုက်တို့ဖြစ်ပါတယ်။

ယခုအခါ ကမ္ဘာနှင့်အဝှမ်း စိုက်ပျိုးရေး ကုမ္ပဏီကြီးများမှ ခေတ်မီနည်းပညာများကို အသုံးပြု၍  အရောင် အသွေးစုံလင်ပြီး၊ ပန်းပွင့်ပုံစံအမျိုးမျိုးရှိတဲ့ လီလီပန်းမျိုးအမြောက်အမြားကို ထုတ်လုပ် လျက် ရှိပါသည်။ ဒီမျိုး တွေကို မြန်မာနိုင်ငံမှ စိုက်ပျိုးလိုသူများက တိုက်ရိုက် တင်သွင်း စိုက်ပျိုး နေကြသလို တဖက်တလမ်းမှလည်း ပြည်တွင်းရှိ အချို့သောစိုက်ပျိုးသူများမှ လီလီပျိုးပင်များ ထုတ်လုပ်ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ ပြည်ပမှတင်သွင်းလာသော မျိုးများကို စိုက်ပျိုးရာမှာ စိုက်ပျိုးသူတွေအတွက် ပျိုးပင်ဈေးကြီးမှုနှင့် ပင်စည် ဥတစ်ဥမှ  ပျိုးပင် တစ်ပင်သာ ရရှိခြင်း၊ ပြည်တွင်း ဒေသမျိုးများ စိုက်ပျိုးရာတွင်လည်း အရည်အသွေးမပြည့် ဝခြင်းနှင့် ရောဂါဒဏ် ခံနိုင်ရည်နည်းခြင်းစတဲ့ အခက်အခဲတွေကြောင့် လီလီပန်းစိုက်ပျိုးသူတွေအတွက် စိန်ခေါ်မှု တွေရှိနေတုန်းပါပဲ –

မြန်မာနိုင်ငံရှိ လီလီပန်းစိုက်ပျိုးသူများ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်း နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာ ဌာနခွဲလက်အောက်ရှိ အပင်ဇီဝ နည်းပညာဗဟိုဌာန(Plant Biotechnology Center) မှ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းတဲ့ လီလီ ပန်းပျိုးပင်တွေကို ထုတ်လုပ်ပေးခြင်းဖြင့် တဖက်တလမ်းမှ ကူညီဖြေရှင်းနိုင်အောင် ဆောင်ရွက်နေတဲ့ အကြောင်းကို သတင်း ကောင်းပါး ပါရစေ။

အပင်တစ်သျှူးမွေးမြူခြင်း ဆိုတဲ့အနှစ်သာရကတော့ အချိန်တိုအတွင်း မိခင်အပင် နဲ့ ဗီဇတသွေမ တိမ်းတူတဲ့ ရောဂါကင်းစင်တဲ့ ပျိုးပင်ငယ် အမြောက်အမြား ထုတ်လုပ်ခြင်း မှာ မိခင်ပင်နှင့် အစိတ်အပိုင်းများမှ မျိုးပွားထုတ်လုပ်ခြင်းပင်ဖြစ်ပါသည်။ အပင်ဇီဝနည်းပညာ ဗဟိုဌာနကလည်း လီလီပျိုးပင်ငယ်တွေထုတ်လုပ် လျှက်ရှိပါတယ်။အပင်တစ်သျှူးမွေးမြူခြင်း နည်းပညာကို အသုံးချပြီး အရည်အသွေးကောင်းမွန်သော လီလီပန်း ပွင့်ရဲ့ ပန်းပွင့် အင်္ဂါ အစိတ် အပိုင်း ဖြစ်သော ပွင့်ချပ်၊ ပွင့်ဖတ်၊ အဖိုဝတ်မှုံ၊ ဝတ်မှုံခံတိုင်၊ အစေ့အိမ်၊ စတာတွေကို အသုံးပြုပြီး အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာကို အသုံးပြုပြီး   မိဘနှင့် ဗီဇတူ၍ ရောဂါကင်းသော လီလီ ပန်း ပျိုးပင်ငယ်တွေ အမြောက်မြားရအောင် သုတေသနပြုလုပ်ထားပြီးဖြစ်ပါတယ်။ အခုခါတွင် ပျိုးပင်ငယ်များရရှိ နေပြီးဖြစ်တာကြောင့် ထူးခြားကောင်းမွန်တဲ့ လီလီပန်းမျိုးများ ရရှိအောင် ဆောင်ရွက်လျှက်ရှိပါတယ်။

လီလီပန်းစိုက်ပျိုးသူများမှ မိမိနှစ်သက်သော လီလီပန်းမျိုးများအား မျိုးထိန်းခြင်း (သို့မဟုတ်)ပွားများ လိုခြင်းများပြုလုပ်လိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက် နှင့် အပင်ဇီဝနည်းပညာဌာနခွဲ လက်အောက်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာနမှ ပူးပေါင်းဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

ဆောင်းပါးရှင်- ဒေါက်တာအေးမင်း

 ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက် နှင့် အပင်ဇီဝနည်းပညာဌာနခွဲ

စိုက်ပျိုးရေးဦးစီးဌာန