သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာစီးပွားရေးကောင်စစ်ဝန်ရုံးများတွင် ယွန်းထည်ပစ္စည်းများ ထားရှိ ပြသပြီး ပြည်ပစျေးကွက် ရှာဖွေ နိုင်ရေး ကြိုးပမ်း

              မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သို့ ယွန်းထည်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆) ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ညွှန်ကြား ရေးမှူးချုပ် ဦးခွန်အေးနိုင် က ယွန်းထည်ပစ္စည်းများ လွှဲပြောင်း ပေးအပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က ကျပ်(၁၆ ဒဿမ ၉၈)သန်း တန်ဘိုးရှိ ယွန်းထည် ပစ္စည်းမျိုးစုံ(၃၅၄)မျိုး နှင့်အတူ ယွန်း Catalogue အုပ်ရေ (၃၀၀)ကို လွှဲပြောင်းပေးအပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က လက်ခံ ရယူပြီး ကျေးဇူးတင် စကား ပြောကြားသည်။

မြန်မာ့ယွန်းလက်မှုအနုပညာများ တိမ်ကောပပျောက်မှုမရှိစေရန်  ၊ ပြည်ပယွန်း ဈေးကွက် ပြန်လည် ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရန် တို့ကို ရည်ရွယ်၍ ပြည်ပနိုင်ငံများ ရှိ စီးပွားရေး ကောင်စစ်ဝန်ရုံးများ တွင် မြန်မာ့ယွန်းထည်များပြသထားရှိကာ ယွန်းထည် ဈေးကွက် ပြန်လည် ရရှိရေး ဆောင်ရွက်နိုင်ရန် ယနေ့အခမ်းအနားတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့သို့ ယွန်းထည်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှု အနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရက်ကန်းလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး တို့အတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်း ကျောင်း (၁၃)ကျောင်း ၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တွင် ဆောင်းဒါးရက်ကန်း နှင့် အသက် မွေး ပညာသိပ္ပံ ၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသ တွင် ယွန်းပညာကောလိပ်တို့ကို တည်ထောင် ဖွင့်လှစ်ထားရှိသည်။

ယွန်းပညာကောလိပ်တွင် ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်း၊ ယွန်း အတတ် ပညာဒီပလိုမာ(၁)နှစ်အထူးသင်တန်း၊ အထက်တန်းယွန်းပညာ(၂)နှစ် သင်တန်း ၊ ယွန်းထည် အလုပ်ရုံများရှိ ယွန်းလုပ်သားများအတွက် ကာလတိုသင်တန်းများ ဖြစ်သော ထန်းသား အချော ထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးလက်မှုအနုထည်သင်တန်း၊ ဝါးတာရှည်ခံ သင်တန်း၊ သားရိုးပန်းကြွယွန်းပညာသင်တန်း၊ ရွှေဇဝါယွန်းပညာသင်တန်း၊ ကညစ် ယွန်းပညာ သင်တန်း၊ ဂျပန်ယွန်းထည်နည်းပညာဆင့်ပွားသင်တန်း၊ ယွန်းထည်ဒီဇိုင်း နှင့် ထုတ်ကုန် ဖွံ့ဖြိုးမှု သင်တန်း များ ဖွင့်လှစ်ပြီး နည်းပညာဖွံ့ဖြိုးရေးကို ကြိုးပမ်းလျက် ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် လက်မှုအနုပညာ အခြေခံသော ထွက်ကုန် ပစ္စည်း များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာန က သတင်းရရှိသည်။