ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ (၂၀)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက် ဆွေးနွေး

(၂၀)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကို အောက်တို ဘာလ (၂၁)ရက်နေ့ မွန်းလွဲပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန ဝန်ကြီး H.E. Veng Sakhon က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံ နှင့် အပေါင်းသုံးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဂျပန်နိုင်ငံ နှင့် ကိုရီးယား သမ္မတနိုင်ငံ တို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ဆွေးနွေးပြောကြားရာတွင် အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ သဘောတူညီချက်၏ အစီအစဉ်(၃)အရ ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်တန်ချိန် မက်ထရစ်တန်(၃၀၀)နှင့် အသင့်စားဆန်(၂)တန်လှူဒါန်းခြင်း ၊ ကိုရီးယားသမ္မတ နိုင်ငံ က ဆန်တန်ချိန် မက်ထရစ်တန်(၆၀၀)လှူဒါန်းခြင်း တို့အပေါ် ကျေးဇူး တင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(၂၀)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးတွင် COVID-19 ကပ်ရောဂါကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးနှင့် အာဆီယံအပေါင်းသုံး နိုင်ငံများအကြား စားနပ်ရိက္ခာဖူလုံမှု သေချာစေရေး၊ စားနပ်ရိက္ခာ အရန်ထားရှိမှု နှင့် အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ အစီအစဉ်ဖြင့် ပူးပေါင်း ဆောင်ရွက်ရေး၊ တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၁၆-၂၀၂၅) အောက်မှ ဆောင်ရွက်လျက် ရှိ သည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ သဘောတူညီချက်၏ အစီအစဉ်(၃)အရ အရေးပေါ် ဆန်အရန်ရိက္ခာများ ထောက်ပံ့ ပေးခဲ့မှု အခြေအနေများ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စီမံကိန်း (၂)ခု၏ ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံဒေသတွင်း (Fall Army Worm-FAW) ဖောငမြှောင်တောင် ကျရောက်မှု အတွက် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) အား ထောက်ပံ့ ကူညီ ပေးမှု၊ စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံကိန်း အရ ဂျပန်နိုင်ငံ မှ နည်းပညာဆိုင်ရာ ထောက်ပံ့ ပေးမှု၊ အပေါင်းသုံးနိုင်ငံများ မှ အာဆီယံနိုင်ငံများသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ နှင့် ငွေကြေးအထောက်အကူ ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ERIA မှ တန်ဘိုးမြှင့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်ပေါ်ရေး အတွက် အစားအစာ တန်ဘိုး ကွင်းဆက် တလျှောက်ရှိ အအေးခန်းဝန်ဆောင်မှု (Cold Chain Development) နှင့် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေး သုတေသန အဆိုပြုချက်ကို တင်ပြဆွေးနွေးသည်။အစည်းအဝေးတွင် (၂၀)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး (၂၁)ကြိမ် မြောက် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး ကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။