ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ (၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး တွင် ပါဝင်ဆွေးနွေး

            (၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးကို Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၂၁)ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကမ္ဘောဒီးယား နိုင်ငံ၊ စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး H.E. Veng Sakhon က သဘာပတိ အဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ပါဝင် တက်ရောက်ကြပြီး စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး နှင့် အဟာရပြည့်ဝစေရေး ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် COVID-19 ကပ်ရောဂါ ၏ နောက်ဆက်တွဲသက်ရောက်နိုင်မှုတို့အပေါ် အာဆီယံနိုင်ငံများ က တုံ့ပြန် ဆောင်ရွက် နေသည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ မူဘောင်အရ ဆောင်ရွက်ခဲ့သည့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား တင်ပြရာ တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ ၏ အဆိုပြုချက်များကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၅)ရက် နေ့တွင် သဘောတူထုတ်ပြန်ခဲ့ခြင်း၊ အာဆီယံစားနပ်ရိက္ခာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မျှော်မှန်းချက်နှင့် နည်းဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၀) အား ကာလတို ပြန်လည် သုံးသပ် ခြင်း၊ အပင်ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အကောင် အထည်ဖော်မှုအတွက် အာဆီယံဒေသဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြုခြင်း၊ အသား ကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ သီးနှံကဏ္ဍ အတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ ငါးကဏ္ဍအတွက် အာဆီယံနည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၅)ကို အတည်ပြုခြင်း၊ Fall Army Worm ဖျက်ပိုးအား ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၀-၂၀၂၅) ကို အတည်ပြုခြင်း၊ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများ ရေရှည် တည်တံ့စေရေး အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်အား အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဆောင်ရွက်မည့် Key deliverables များအနက် အသား ကဏ္ဍ တွင် ဇီဝသတင်းအချက်အလက်၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုန်သွယ်မှုအစီအစဉ်များ၊ ဇီဝလုံခြုံမှုဆိုင်ရာအစီအမံများ နှင့် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာ ဒေသဆိုင်ရာရည်ညွှန်းဗဟိုဌာန တည်ထောင်ခြင်း၊ သီးနှံကဏ္ဍအတွက်  သီးနှံများ တင်သွင်းရာ တွင် အာဆီယံအပင် ရောဂါပိုးမွှား ကင်းစင်ရေးဆိုင်ရာ လမ်းညွှန်ချက် များ ချမှတ်ခြင်း၊ ငါးကဏ္ဍ အတွက် ရေချိုငါးမွေးမြူရေးတွင် AMR Anti-microbial Resistance နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ချမှတ်ခြင်း ၊ အာဆီယံ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာမူဝါဒ နှင့်နည်းဥပဒေ မူဘောင်အတွက် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ရေးတို့ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သည်။

အလားတူ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု တွင် ဩစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ရုရှားတို့နှင့် လည်းကောင်း၊ FAO, OIE, Grow Asia တို့နှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် (၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပြီး ၊ (၄၃) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေး ကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။