ကလေးမြို့နယ်၌ ယခုနှစ် မိုးစပါး(၁၂၇၆၈၆)ဧက၊ ပဲမျိုးစုံ(၃၆၄၃)ဧက၊ ဆီထွက်သီးနှံ (၂၂၄၀၂)ဧက အပါအဝင် သီးနှံစုံ စုစုပေါင်း(၁၉၇၃၀၃)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ တောင်တန်းတောင်ကြောထူထပ်သော ချင်းပြည်နယ်နယ်စပ် နှင့် ပုံတောင်ပုံညာဒေသများ ကို ထိစပ်နေသည့် အဆိုပါဒေသများရှိ ဝေးလံဒေသများတွင် နေထိုင်ကြသော တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလက်လှမ်းမီစေရန် အတွက် တောင်သူပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး သည် ကလေးခရိုင်ဦးစီးမှူး ဦးရဲမင်းလှ၊ ကလေးမြို့နယ် ဦးစီးမှူး ဦးနိုင်ထွန်းဝင်း တို့လိုက်ပါလျက် ကလေး-ဟားခါးနယ်စပ်ရှိ ပျဉ်ခုံကြီးနည်းပညာ ပြန့်ပွားရေး စင်တာ၊ ထိုမာကျေးရွာ နည်းပညာ ပြန့်ပွားရေး စင်တာ ၊ ကျော်ရွာနည်းပညာ ပြန့်ပွားရေး စင်တာများ ပြုပြင် ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း၊ နည်းပညာ ပြန့်ပွားရေး စင်တာများတွင် အခြေစိုက်နေထိုင်သော ဝန်ထမ်းများအတွက် ရေတွင်း၊ ရေကန် နှင့် ရေလောင်း အိမ်သာ တည်ဆောက်ထားရှိမှုတို့ကိုလည်းကောင်း ၊ လုံခြုံရေးအတွက် ခြံစည်းရိုးကာရံရန် ပြင်ဆင်နေမှုများကိုလည်းကောင်းကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နည်းပညာ ပြန့်ပွားရေးစင်တာအနီးဝန်းကျင် မြေပို မြေလွတ်များတွင် မိသားစု အိမ်ခြံဝန်း စံပြစိုက်ခင်းများ အဖြစ် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ရေး၊ ဆောင်းသီးနှံများ စတင် စိုက်ပျိုးနေချိန် ဖြစ်၍ ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရေး နည်းပညာပေး ဆောင်ရွက်ကြရန် လိုအပ်ချက်များကို တိုင်းဒေသကြီးဦးစီးမှူး ဆွေးနွေး မှာကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံငွေ မှရရှိသော ရန်ပုံငွေဖြင့် ရေတွင်း၊ ရေကန်နှင့် ရေလောင်းအိမ်သာများတည်ဆောက်ခြင်း ၊ တိုင်းဒေသကြီး သာမန် အသုံးစရိတ်ဖြင့် နည်းပညာပြန့်ပွားရေးစင်တာများ ယာယီပြုပြင်ခြင်းတို့ကို အောက်တိုဘာ လဆန်းမှစတင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသများအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိသည့် စိုက်ပျိုးနည်းစနစ်များ၊ သဘာဝမြေဩဇာနှင့် သဘာဝ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်း စနစ်များ ဖြန့်ဝေပေးခြင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေသော သီးနှံမျိုးများ နှင့်စိုက်စနစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သီးနှံများအထွက်နှုန်းတိုးတက်ရေး အရည်အသွေး ကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။