ကြော်ငြာနှင့်နှိုးဆော်ချက်များ

မိုးစပါးသီးနှံ အလေအလွင့်နည်းပါးစွာ ရိတ်သိမ်းချွေလှေ့နိုင်ရေးနှင့် ဆောင်းသီးနှံများ အောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး အသိပေး နှိုးဆော်ချက်

၁။​မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ပြည့်နှစ်တွင် အနောက်တောင် မုတ်သုန်လေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် စက်တင်ဘာလ ၁၂ရက်နေ့မှ စတင် ဆုတ်ခွာခဲ့ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အောက်တိုဘာလ၁၄ ရက်နေ့၌ အပြီးဆုတ်ခွာ သွားကြောင်း ဖော်ပြထားပါသည်။ သို့ရာတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုများကြောင့် မိုးရွာသွန်းမှုများလည်း အသင့်အတင့်ရရှိနိုင်ကြောင်း သိရှိရပါသည်။

၂။​ယခုကာလသည် မြန်မာနိုင်ငံ၏ အောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးစပါးများ စတင်ရိတ်သိမ်းသည့် ကာလဖြစ်ပြီး တောင်သူများအနေဖြင့် စပါးသက်လျင်မျိုးများ ပြောင်းလဲစိုက်ပျိုးမှုများကြောင့် ရင့်မှည့်ချိန်တူညီကာ တစ်ပြိုင်နက်ရိတ်သိမ်းကြရမည်ဖြစ်ပါသည်။ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်မှု၊လေပွေလှိုင်းဖြစ်ပေါ်မှု များကြောင့် မုန်တိုင်းမိုးများရွာသွန်းလာပါက ရင့်မှည့်ပြီး စပါးစိုက်ခင်းများနှင့် ရိတ်သိမ်းဆဲ စပါး စိုက်ခင်းများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး အတွက် အောက်ပါအတိုင်းလိုက်နာ ဆောင်ရွက် ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်−

(က)​စပါးရိတ်သိမ်းကြရာတွင် လူအားသာမက စပါးရိတ်သိမ်းချွေလှေ့စက်ကြီးများ၏ အကူ အညီဖြင့် အချိန်နှင့် လုပ်အားသက်သာစွာရိတ်သိမ်းနိုင်ရေး သက်ဆိုင်ရာ လယ်ယာဝန် ဆောင်မှုများဆောင်ရွက်ပေးကြမည့် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ဆက်သွယ်ကြရန်

(ခ)​အကြောင်းအမျိုးမျိုးကြောင့် Combine Harvester များဖြင့် မရိတ်သိမ်းနိုင်ပါက ရိတ် သိမ်းပြီးစပါးကောက်လှိုင်းများအား စပါးချွေလှေ့စက်များအသုံးပြု၍ အမြန်ချွေလှေ့ ခြင်း၊ ကောက်လှိုင်းများအား အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိစေရေး ကြိုတင်စီမံထားရှိရန်

၃။​ထို့အပြင် ယခုကာလသည် မိုးစပါးရိတ်သိမ်းကြရမည့် ကာလဖြစ်ရုံသာမက ရိတ်သိမ်းပြီး လယ်မြေများတွင် သီးထပ်သီးနှံများအား အစိုဓါတ်မီ မျိုးစေ့ချစိုက်ပျိုးနိုင်ရေးနှင့် ယာမြေများတွင် ဆောင်းသီးနှံများအား မြေတွင်းလက်ကျန်အစိုဓါတ်ဖြင့် အမြန်ဆုံးထွန်ယက်စိုက်ပျိုးကြရမည့် ကာလ လည်းဖြစ်ပါသည်။

၄။​ယခုနှစ် မိုးကာလတွင် နိုင်ငံအတွင်း နေရာအနှံ့အပြား၌ မိုးရွာသွန်းမှု နည်းပါးခြင်း၊ မိုးရွာသွန်း ပျံ့နှံ့မှု မညီညာခြင်းတို့ကြောင့် ဆည်များ၊ တာတမံများ၊ ရေလှောင်ကန်များတွင် ရေဝင်ရောက်မှု နည်းပါးခြင်းများလည်း တွေ့ကြုံခဲ့ကြရပါသည်။ သို့ဖြစ်ရာ ဆက်လက်စိုက်ပျိုးကြရမည့် လယ်မြေ တွင်သီးထပ် စိုက်ပျိုးမည့် သီးနှံများနှင့် ယာမြေများတွင်စိုက်ပျိုးကြမည့် ဆောင်းရာသီစိုက် သီးနှံများ အတွက် လျာထားသော စိုက်ဧရိယာပမာဏ ရရှိရေးနှင့် စိုက်ပျိုးသော သီးနှံများ အောင်မြင်ဖြစ်ထွန်း စေရေးအတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက် ကြပါရန် အကြံပြုနှိုးဆော် အပ်ပါသည်−

(က)​မိုးရွာသွန်းမှုကြောင့် ရရှိလာသည့် ရေများကို အလဟဿစီးဆင်းမသွားစေရေးအတွက် ရေလှောင်ကန်များ၊ တစ်ဖက်ပိတ်ဆည်ငယ်များအား သင့်လျော်သည့် နေရာများတွင် တည်ဆောက်ကြရန်၊ ရှိပြီး ကန်များတွင် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက် ထားရန်

(ခ)​(ရေစုဆောင်းရန် မဖြစ်နိုင်သော ဧရိယာများတွင်) ရှိပြီးမြေအောက်ရေတွင်းများ ပြုပြင် ထိန်းသိမ်းခြင်း၊ လိုအပ်နေရာများတွင် အသစ်တူးဖော်ခြင်းတို့ကို မိမိတို့ ဒေသရေမြေ အခြေအနေအပေါ်မူတည်၍ ဆောင်ရွက်ကြရန်။ ရေစုပ်စက်များ ကြိုတင်စုဆောင်း ပြင်ဆင်ထားကြရန်။

(ဂ)​(မြေအောက်ရေထုတ်ယူသုံးစွဲရန် မဖြစ်နိုင်သောဧရိယာများအတွက်) အချိန်ကုန် သက်သာစွာဖြင့် အစိုဓါတ်မီ စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ထွန်ယက်မည့် လုပ်ငန်းများတွင် ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များဖြင့် အချိန်မီ ထွန်ယက်နိုင် ရေး ကြိုတင်ပြင်ဆင်ထားကြရန်

(ဃ)​ဆည်ရေဖြင့် ရေသွင်းစိုက်ပျိုးနိုင်သည့် ဧရိယာများတွင် ရေကိုချွေတာသုံးစွဲနိုင်မည့် ရေသွင်းနည်းစနစ်များ(Water Saving Technology) ဖြစ်သော ရေဖြန်းစနစ်ဖြင့် ရေပေးသွင်းခြင်း၊ အစက်ချရေပေးခြင်း စသည်စနစ်များဖြင့်လည်း ဆောင်ရွက်နိုင်ရေး အတွက် ပြင်ဆင်ထားကြရန်

(င)​လယ်မြေများတွင် ရှိပြီးလက်ကျန်အစိုဓါတ်အမီ စိုက်ပျိုးနိုင်ရေးအတွက် ရိုးပြတ်များကို ချက်ခြင်းထွန်ယက်ခုတ်ဖြတ်လျှက် သက်တမ်းတို ပဲမျိုးစုံသီးနှံများ စိုက်ပျိုးခြင်း၊ မိုးစပါး အောင်ရေထုတ်ပြီးချိန်တွင် ရေလိုက်ကြဲစနစ်ဖြင့် ဆောင်းသီးနှံအား သီးကြိုစိုက်ပျိုးခြင်း စသည့်စနစ်များဖြင့် တို့အား မိမိတို့ ရေမြေအခြေအနေအရ စိုက်ပျိုးကြရန်

(စ)​အစိုဓါတ်လိုအပ်ချက်နည်းပါးစေမည့် သီးနှံများနှင့် သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်း တို့အား မိမိတို့ ဒေသအခြေအနေအရ ဆုံးဖြတ်ဆောင်ရွက်ရန်။ ရေလိုအပ်ချက် နည်းပါး သော သီးနှံမျိုးကွဲများ ပြောင်းလဲ စိုက်ပျိုးကြရန်

(ဆ)​ဆောင်းရာသီ မုရင်းစပါးစိုက်ပျိုးကြရမည့် အင်းအိုင်များအနီးရှိ ဧရိယာများအတွက် ရေအသုံးချမှုအနည်းဆုံးဖြစ်စေမည့် ထွန်ယက်စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲ ကျင့်သုံးကြရန် (ပျိုးသက်နုကောက်ကွက်ကျဲ စိုက်နည်းစနစ်အသုံးပြုခြင်း၊ အစိုတမန်း တွင် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုး ခြင်း)

(ဇ)​မြေတွင်းလက်ကျန်အစိုဓါတ်ကို ပျောက်ဆုံးမှု အနည်းဆုံးဖြင့် ထိန်းသိမ်းထားနိုင်ရေး အတွက် စိုက်ပျိုးပြီး ဆောင်းသီးနှံစိုက်ခင်းများတွင် မြေဖုံးပစ္စည်းများ ထည့်ပေးခြင်း( Mulching, ကောက်ရုံးဖုံးအုပ် စိုက်ပျိုးခြင်းစသည်)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန