ဆောင်းပါး

လယ်ယာကဏ္ဍအရှိန်မြှင့်တင်ရေး COVID-19 စီးပွားရေးကုစားမှု အကျိုးကျေးဇူး

​ဆောင်းပါးရှင်-ဝင်းလှိုင်ဦး

ယနေ့ ကမ္ဘာနှင့်အဝှမ်း COVID-19 ရောဂါကြောင့် လူမှုရေးစီးပွားရေး ရိုက်ခတ်မှုများ ရှိနေပါသည်။ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ အများအပြားမှာ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးလျက် လူမှုစီးပွားရေးနယ်ပယ်တွင် ထိခိုက်နစ်နာမှု အလွန်များပြားနေပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ နည်းတူ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တိုင်းသူပြည်သား၊ တောင်သူလယ် သမားများပါ အလားတူခံစားရလျက်ရှိနေပါသည်။

ကပ်ရောဂါဆိုးကြီး၏ ရိုက်ခတ်မှုကြောင့် တောင်သူလယ်သမားများ ၏ လူမှုစီးပွား ရေးဆိုင်ရာများကို ကုစားနိုင်ရန် COVID-19 Economic Relief Plan (CERP) (ကိုဗစ်-19 စီးပွားရေးကုစားမှုအစီအစဉ်)အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဗွီနိုင်းများ၊ ပညာပေးစာစောင်များ၊ ပညာပေးစာအုပ်များ ဖြန့်ဝေ ခြင်း၊ ICT Based ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုးစေ့ထုတ်တောင်သူများအား ငွေကြေးထောက်ပံ့ခြင်း၊ ဓါတ်ခွဲခန်းများအဆင့်မြှင့်တင်ခြင်း၊ ဓါတ်ခွဲခန်းအသစ်များတည် ဆောက်ခြင်း၊ Home Gardening များ ဆောင်ရွက်နိုင်ရန် မျိုးစေ့၊ ပျိုးပင်၊ မြေသြဇာ ထောက်ပံ့ခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

​လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် COVID-19 ရောဂါပျံ့ပွားမှုဖြစ်စဉ်များ ကြောင့် လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်ခြင်း ကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် တောင်သူများ လိုက်နာဆောင်ရွက်နိုင်ရန် တောင်သူများထံအရောက် Mobile Extension စနစ်ဖြင့် သွားရောက်၍ ပညာပေးခြင်း၊ Viber Group နှင့် Messenger Group များမှ နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။

​လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင်မှုများအား ကြိုတင်ကာကွယ် တုံ့ပြန်သည့်အနေဖြင့် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းကို ပြည်နယ်/တိုင်းဒေသကြီးများတွင် စီးပွားဖြစ် စပါးမျိုးသန့်မျိုးစေ့ဧက(၁)သိန်း စိုက်ပျိုးထုတ်လုပ်မည့် စီမံချက်ကို အလေးအနက် ဆောင်ရွက်ခဲ့ပါသည်။ အဓိကရည်ရွယ်ချက်များမှာ- စိုက်ပျိုးထုတ်လုပ်ရာတွင် အရည် အသွေးကောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များအား တောင်သူများ လိုအပ်သည့်ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန်၊ COVID-19 ကပ်ရောဂါကြောင့် တောင်သူများအား ဝင်ငွေထိခိုက်မှုမရှိစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်တို့ ဖြစ်ပါသည်။
​မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်ပြီး အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့်များ ထွက်ရှိရန် နည်းပညာအတိုင်း လိုက်နာလုပ်ဆောင်ကြမည့် တောင်သူများ လိုအပ်မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မျိုးစေ့ထုတ်သမဝါယမ အသင်းများ၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ၊ အကျိုးဆောင်တောင်သူများအား ရွေး ချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
မျိုးစေ့ထုတ်တောင်သူများသတ်မှတ်ရာ၌- မျိုးစေ့ထုတ်လုပ်ငန်း အတွေ့အကြုံရှိသူ ဖြစ်ခြင်း၊ ဌာနနှင့် မျိုးစေ့ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်​နေသည့် အကျိုးဆောင် တောင်သူဖြစ်ခြင်း၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့ (သို့မဟုတ်) မျိုးစေ့ထုတ်သမဝါယမ အသင်းဝင်တောင်သူဖြစ်ခြင်း၊ မျိုးသန့်မျိုးပွားမျိုးစေ့(RS) ကို အသုံးပြုစိုက်ပျိုးသူဖြစ်ခြင်း၊ ကျွမ်းကျင်သူ ဌာနဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခြင်းကို လက်ခံလိုက်နာသူဖြစ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသည့် မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သည့် တောင်သူဖြစ်ခြင်းနှင့် ရရှိလာသော စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ထုတ်(CS)များအား မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း ခံယူ၍ ထောက်ခံချက်ရယူကာ တောင်သူများထံသို့ မျိုးအဖြစ် ဆက်လက်ဖြန့်ဖြူးပေးပြီး ဖြန့်ဖြူးမှုမှတ်တမ်းအား စနစ် တကျ ပြုစုထားနိုင်သူဖြစ်ခြင်း စသည့်သတ်မှတ်ချက်တို့ဖြင့် ရွေးချယ်ခဲ့ပါသည်။
တောင်သူများအနေဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးရာတွင် – မိမိတို့ ရေမြေအနေအထားနှင့် စိုက်ပျိုးသည့် မျိုးအရ သင့်လျော်မည့် တစ်ဧက ကောက်ကွက်ဝင်ဆံ့နိုင်ရန် လိုအပ်မည့် ပင်ကြား၊ တန်းကြားကို ရွေးချယ်စိုက်ပျိုးရန်၊ ဘောင်ပျိုးစနစ်၊ SRI စနစ်များအပါအဝင် အစိုသမန်းစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးရန် (သို့မဟုတ်) ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်၊ ကောက်ကွက်တစ်ကွက်လျှင် လက်ဆ(၂)ပင်ထက် မများစေရန်၊ ၆ တန်း ၁ တန်းလှပ်စနစ် ကို ကျင့်သုံးစိုက်ပျိုးရန်၊ မျိုးကွဲနှုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းကို စတင်စိုက်ပျိုး သည်မှ အပင်သက်တမ်းတစ်လျှောက်လုံး ဆောင်ရွက်ရန်နှင့် မျိုးရောမှုမရှိစေရန် စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သန့်စင်ခြင်း၊ မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများအထိ စနစ်တကျဆောင်ရွက်ရန်တို့ကို ပညာရှင်များ က နည်းပညာပေးခဲ့သည်။


CERP အစီအစဉ်အရ စပါးမျိုးစေ့ထုတ်ဧက(၁)သိန်း စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ် တွင် ပါဝင်သူများအား တစ်ဧကလျှင် အပင်ပြုစုခြင်းလုပ်ခ(၇၅၀၀၀)ကျပ်၊ မျိုးကွဲနှုတ်ပယ် ခြင်းလုပ်ခ(၅၀၀၀၀)ကျပ်၊ မျိုးစေ့သန့်စင်ခြင်းလုပ်ခ(၁၅၀၀၀)ကျပ်နှင့် အရည်အသွေးကောင်း မျိုးဖြစ်ပါက မျိုးစေ့ဘိုး(၁၀၅၀၀)ကျပ်အပါအဝင် စုစုပေါင်း (၁၅၀၅၀၀)ကျပ်၊ အထွက်ကောင်း မျိုးဖြစ်ပါက မျိုးစေ့ဘိုး(၈၅၀၀)ကျပ်အပါအဝင် စုစုပေါင်း (၁၄၈၅၀၀)ကျပ်ကို ထောက်ပံ့ ခဲ့ပါသည်။
​နိုင်ငံနှင့်အဝှမ်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခုတွင် “တောင်သူ(၂၉၅၁၀)ဦးအား ထောက်ပံ့ငွေပေါင်း (၁၄၉၁၁.၃၃)ကျပ်သန်းကို တောင်သူလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။” မျိုးစေ့ ထုတ်စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်များကို ဒေသခံတောင်သူ များ အချင်းချင်း ဖြန့်ဝေသည့် နည်းစနစ်၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ရောင်းချပေးသည့် စနစ်များဖြင့် စျေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
​စီမံချက်အရ မူလအခြေခံစပါးစျေး သတ်မှတ်ချက်သည် (၅၂၀၀၀၀)ကျပ် ဖြစ်သော် လည်း မျိုးစေ့အဖြစ်ထွက်ရှိပါက စပါးတစ်တင်းလျှင် (၁၀၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်အထိ ဝင်ငွေရရှိမည်ဖြစ်ရာ သာမန်စိုက်ပျိုးခြင်းထက် ဝင်ငွေ(၂)ဆခန့် ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။
မျိုးစေ့ထုတ်ဧက(၁)သိန်းမှ တစ်ဧကလျှင် ပျမ်းမျှ(၇၅)တင်းနှုန်းဖြင့် မျိုးစေ့တင်း ပေါင်း(၇.၅)သန်း ထွက်ရှိလာမည်ဖြစ်ရာ စိုက်ဧက(၇.၅)သန်းကို မျိုးကောင်းမျိုးသန့်များဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်မည် ဖြစ်သကဲ့သို့ သဘာဝဘေးကြုံလာပါကလည်း အရံမျိုးများအဖြစ် အလွယ်တကူ စုဆောင်းနိုင်မည် ဖြစ်သည်။
မျိုးစေ့ထုတ်ဧက(၁)သိန်းစိုက်ပျိုးခြင်းသည် COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလ အတွင်း မျိုးစေ့ထုတ်ကဏ္ဍမြှင့်တင်ပေးနိုင်ခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေခြင်း၊ နည်း ပညာတိုးတက်လာခြင်း၊ မျိုးကောင်းမျိုးသန့်ပြောင်းလဲသုံးစွဲနိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းရရှိလာပြီး နိုင်ငံအတွက် လိုအပ်သော မျိုးစေ့စျေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး တောင်သူများနှင့်တကွ ဆန်စပါးကို အဓိကစားသုံးကြသည့် နိုင်ငံသားများအတွက် စားနပ် ရိက္ခာဖူလုံစေမှုကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ရေးသားသူအမည်ဦးဝင်းလှိုင်ဦး(​​ညွှန်ကြားရေးမှူး)

စစ်ကိုင်းတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန