သင်ကြားရေးဌာနများက သင်တန်းသားများ၏ စိတ်ဝင်စားမှုဘာသာရပ်အလိုက်၊ ယင်းတို့၏ ဒေသ နှင့် လိုက်လျောညီထွေ အကျိုးရှိစွာအသုံးချနိုင်မည့် နည်းပညာများ ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ သင်တန်းပို့ချချက်များကို တောင်သူများထံ ရောက်ရှိရေး အတွက် သတင်း အချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာကို ထိရောက်စွာ အသုံးချနိုင်ရေးကိုလည်း ထည့်သွင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက် နေ့လယ်ပိုင်း က Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေး ပြောကြားသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သည် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးသာမက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဗဟုသုတများ တိုးပွားရေး၊ ခေတ်မီနည်းပညာများ လိုက်နာကျင့်သုံးရေးကြိုးပမ်းမှုနှင့်အတူ နည်းပညာ ပြန့်ပွား ရေး ဝန်ထမ်းများ ၏ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ် အလိုက် စီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဒေသအသီးသီးရှိ သင်တန်း ကျောင်းများ မှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြား ရေးမှူး ချုပ်များက သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် ဘာသာရပ်အလိုက် ထည့်သွင်း ဆောင်ရွက် ရန် လိုအပ်ချက်များ၊ ဆောင်ရွက်ပြီးလုပ်ငန်းများအပေါ် သုံးသပ် ဆွေးနွေးမှာကြား သည်။
ညွှန်ကြားရေးမှူးချုပ် က လမ်းညွှန်မှာကြားရာတွင် သင်တန်းသားများ၏ တုံ့ပြန်ချက်များကို အခြေခံ ၍ အားသာချက်၊ အားနည်းချက်များ အလိုက် ပြုပြင်ရန် လိုအပ်သည့် သင်ခန်းစာ နှင့် ဆွေးနွေးပို့ချမှု တို့ကို ပြောင်းလဲ ဆောင်ရွက်ရန် ၊ ဒေသအလိုက် ကွင်းဆင်း လေ့လာပြီး တောင်သူ လိုအပ်ချက် နှင့် လျော်ညီသော သင်တန်းများ ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သင်တန်းများတွင် ဒေသအတွက် အရေးကြီး လိုအပ်မှု အရှိဆုံး နည်းပညာများ ၊ စီမံခန့်ခွဲရေး ဆိုင်ရာများ အပြင် ခေါင်းဆောင်မှုကဏ္ဍကိုပါ ထည့်သွင်း ဆောင်ရွက် စေလိုကြောင်း၊ သင်တန်း ကျောင်း အလိုက် သင်ခန်းစာများကို စိစစ်သုံးသပ်ကြရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များတိကျစွာ လိုက်နာကျင့်သုံးရန်နှင့် အွန်လိုင်းစနစ်ဖြင့် သင်ခန်းစာ ပို့ချခြင်းတို့ကို ဦးစားပေးဆောင်ရွက်စေလိုကြောင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မူဝါဒ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့် က ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ် အတွင်း သင်တန်း ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၌ ဆောင်ရွက်ရန် လျာထားချက်များကိုလည်းကောင်း၊ ဌာနခွဲ ညွှန်ကြားရေးမှူး များ နှင့် ဒေသအသီးသီးရှိ သင်တန်းကျောင်းအုပ်ကြီးများ က သင်တန်း ၊ အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ ၊ ဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ က ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်