ဆောင်းပါး

“ တောင်သူဝင်ငွေတိုးစေဖို့ ဝဥ တစ်သျှူးပျိုးပင် စိုက်ပျိုးကြစို့”

“ကချင်ပြည်နယ် က ရတနာ ကျောက်စိမ်းကတော့ ကုန်ခမ်းနိုင်လိမ့်မည်၊ ချင်းတောင် ရတနာ ဝဥသည် ဘယ်တော့မှ ကုန်ခမ်းသွားမည်မဟုတ်ဘူး ဟူ၍ လွန်ခဲ့သော ၁၀ စုနှစ်က လူတိုင်း ပါးစပ်ဖျားတွင် ခဏခဏ ပြောကြသော်လည်း ယခုအခါ ချင်းပြည်နယ်တွင် အရည်အသွေး ကောင်း ဈေးကွက်ဝင် ဝဥ မျိုးကို အချိန်မတိုင်မီ အလု အယက် တူးဖော်နေကြသောကြောင့် မျိုးတုံး ပျောက်ကွယ်သွားလု နီးပါးဖြစ်နေပြီ ဟူသောသတင်းကို ဆောင်းပါးတစ်ခုတွင် ဖတ်မိ လိုက်သောအခါ ဝဥမျိုးများကို အချိန် မတိုင်မီ အလုအယက်တူးဖော်ခြင်း နှင့် မျိုးသုဉ်းပျောက် ကွယ်သွားခြင်း ဆို သည့် အကြောင်းအရာနှစ်ခုသည် စိုက်ပျိုးရေးဦးစီးဌာန ရှိ အပင်ဇီဝ နည်းပညာ ဗဟိုဌာန အတွက် စဉ်းစားတွေးတောစရာ၊ တာဝန်ယူဆောင်ရွက်ပေး သင့်သည့် အကြောင်းအရာ များ အဖြစ် မီးမောင်းထိုးပြနေပါသည်။

ဘာကြောင့် အချိန်မတိုင်မီ အလုအယက်တူးဖော်ကြပါသလဲ” ………

အဖြေကရှင်းပါသည်။ ဝယ်လို/ အသုံးပြုလိုအား မြင့်မားလာခြင်းကြောင့်ပင် ဖြစ်နိုင် ပါသည်။ ဝဥစိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်း ပေးရုံသာမက ရွှေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်သည့် လုပ်ငန်းဖြစ်သော ကြောင့် ယနေ့အချိန် အခါ တွင် မြင့်မားသောဝင်ငွေကိုလည်း ဖန်တီးပေးနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူ အများစုက နားလည် သဘောပေါက်ပြီး ဖြစ်ပါသည်။ ထို့ပြင် စားသုံးသူများ အနေဖြင့် ဝဥကို အမှုန့်၊ ဟင်း၊ ခေါက်ဆွဲ၊ ဂျယ်လီစသည်ဖြင့် အမျိုးမျိုးပြုပြင်အသုံးပြုသကဲ့သို့ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ဝဥတွင် Fiber, Carbohydrate, Water, vitamin A, chlorine နှင့် Glucomannan စသော အာဟာရဓာတ် များစွာ ပါဝင်ပြီး ဝဥစားသုံးခြင်းဖြင့် အစာခြေစနစ် ကောင်းမွန်စေခြင်း၊ ဆီးချိုရောဂါကာကွယ်ခြင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း၊ သွေးဖိအား ထိန်းညှိ ပေးခြင်း၊ မျက်စိအားကောင်းစေခြင်း၊ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း၊ ရောင်ရမ်ခြင်းကို သက်သာစေခြင်း၊ အဆီကျမြန်စေခြင်း စသည့် ကျန်းမာရေး အတွက် ကောင်းကျိုးများစွာ ရှိသောကြောင့် ပြည်တွင်းစားသုံးရန်သာမက ပြည်ပတင်ပို့ရန်အတွက် သဘာဝ တောတောင်များ အတွင်းရှိ ဝဥများကို အချိန်မတိုင်မီ အလုအယက် တူးဖော် လာကြ ပါသည်။ အကျိုးဆက် အနေဖြင့် အရွယ်အစားသေးငယ်သည့် ဝဥများပါဝင် လာသည့်အတွက် ရောင်းတန်း မဝင် အလေအလွင့်ဖြစ်စေသည့်အပြင် “မျိုးတုန်း ပျောက်ကွယ်ခြင်း” အန္တရာယ်ကိုလည်း မြန်မာပြည်အနှံ့အပြားတွင် ရင်ဆိုင် ရတော့မည် ဖြစ်ပါသည်။

ထို့အပြင် ဝဥဈေးကွက်မြင့်မား၍ ဝယ်လိုအား/ အသုံးပြုလိုအား မြင့်မားလာ သည်နှင့်အမျှ ဝဥစိုက်ပျိုး ခြင်းအပေါ် စိတ်ဝင်စားမှုမြင့်တက်လာပါသည်။ ဝဥစိုက်ခင်းများ ထူထောင်ရန် အတွက် စိုက်ပျိုးဧရိယာများ တိုးချဲ့ လာသောကြောင့် မျိုး/ ပျိုးပင် မလုံလောက်မှု ပြဿနာများ လည်း ကြုံတွေ့လာကြပါသည်။ ဝဥကို သမရိုးကျ စိုက်ပျိုးနည်းများဖြစ်သည့် မျိုးစေ့မှ စိုက်ပျိုးပါက အပင်သက်တမ်း(၄-၅)နှစ်ကြာမှသာ ရောင်းတန်းဝင် ဝဥကို တူးဖော် နိုင် မည် ဖြစ်သော ကြောင့် အချိန်ကြာမြင့်မည် ဖြစ်ပါသည်။ မျိုးဥနှင့် ရွက်သီးတို့မှစိုက်ပျိုးလျှင် ရောင်းတန်းဝင် ဝဥရရှိရန် (၂-၃)နှစ်သာ ကြာမြင့် သော်လည်း နှစ်စဉ် နှစ်တိုင်းမျိုး ပြန်လည် အသုံးပြုမည်ဆိုပါက အရည်အသွေးနှင့် အထွက်နှုန်း ကျဆင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင် ရည်ရှိမှု ကျဆင်းခြင်းနှင့် အပင်ကြီးထွားမှု မညီညာခြင်းစသည့် ပြဿနာများကို ရင်ဆိုင် ရလာနိုင် ပါသည်။

“မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်မှုအကို ကာကွယ်နိုင်” ………

ယင်းသို့သော အခက်အခဲအများကို တဖက်တလမ်းမှ ကူညီဖြေရှင်း ပေးနိုင်ရန် အတွက် အပင်ဇီဝနည်းပညာဗဟိုဌာနတွင် ဇီဝနည်းပညာတစ်ခုဖြစ်သည့် အပင်တစ်သျှူး မွေးမြူခြင်း နည်းဖြင့် ဝဥ၏ အပင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများဖြစ်သည့် အရွက်၊ ပင်စည်၊ ရိုးတံ၊ ရွက်သီးတို့ကို အသုံးပြု၍ မိခင်ပင်နှင့် ဗီဇတူညီပြီး၊ ရောဂါ ကင်းစင်သည့် အပင်ငယ်ပေါင်းများစွာ ထုတ်လုပ်နိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်ခဲ့ပါသည်။  လေ့လာ တွေ့ရှိချက်အရ ဝဥ၏အရွက်ကို အသုံးပြု၍ အပင်တစ်သျှူးမွေးမြူခြင်းသည် အခြားအစိတ်အပိုင်းများကို အသုံးပြု၍ မွေးမြူခြင်းထက် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန် ကြောင်း ကို တွေ့ရှိရပြီး ၎င်းမှ ဝဥပျိုးပင်ငယ်များရရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဝဥစိုက်ပျိုးသူများ အနေဖြင့် မျိုးစေ့၊ ရွက်သီးတို့မှ သမားရိုးကျစိုက်ပျိုး ရုံသာမက  ပျိုးပင် ကိုတိုက်ရိုက်စိုက်ပျိုးနိုင်ခြင်းဖြင့် ဝဥစိုက်ခင်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး တော တောင်များ တွင် အလုအယက် တူးဖော်စရာ မလိုအပ်သောကြောင့် “မျိုးသုဉ်း ပျောက်ကွယ်ရန်” ခြိမ်းခြောက်မှုအားလည်း ကာကွယ်နိုင် မည်ဖြစ်ပါသည်။

“ ဝဥ မျိုးရင်းများအား ထိန်းသိမ်းလိုလျင် ………

အခြားတဖက်မှလည်း မျိုးသုန်းပျောက်ကွယ်မှုကို ကာကွယ်နိုင်ရန်အတွက် ချင်းတောင်ရတနာ ဝဥ မျိုးရင်းများ သာမက မြန်မာနိုင်ငံအနှံအပြားရှိ ဝဥ မျိုးရင်းများ ကိုပါ စုဆောင်း၍ အပင်ဇီဝ နည်းပညာဗဟိုဌာနရှိ သုတေသနဓါတ်ခွဲခန်းတွင် အပင် တစ်သျှူး မွေးမြူခြင်းနည်းပညာဖြင့် မျိုးထိန်းသိမ်းခြင်း၊ မွေးမြူခြင်းနှင့် ပျိုးပင် ထုတ်လုပ်ခြင်း တို့အပြင် မျိုးဗီဇများ (DNA finger print) မှတ်တမ်းတင်ရန်လည်း  စီမံ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဝဥစိုက်ပျိုးလိုသူများအနေဖြင့် ပျိုးပင်အခက်အခဲများရှိလျှင်ဖြစ်စေ၊ အရည် အသွေး ကောင်း ဝဥမျိုးများ ပိုင်ဆိုင်ထားသူများ အနေဖြင့် မျိုးများ ထပ်မံပွားများ လိုသည်ဖြစ်စေ၊ မြန်မာနိုင်ငံ ဒေသအနှံအပြားမှ မျိုး သုန်းပျောက်ကွယ်လုနီးပါး ဝဥ မျိုးရင်းများအား ထိန်းသိမ်း လိုလျင်ဖြစ်စေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာ ဌာနခွဲလက်အောက်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် အဆင်သင့် ဖြစ်လျက်ရှိပါကြောင်း သတင်းစကား ပါးအပ်ပါသည်။