အတန်ငယ်ငြိမ်သက်နေသော သမဝါယမသည်ကား COVID ကာလအတွင်းမှာ လှုပ်ခတ် လာခဲ့ချေပြီ။ အားလုံးသိကြသည့်အတိုင်းပင် COVID-19 ကြောင့် မြန်မာပြည်၏စိုက်ကုန် တော်တော် များများ တရုတ်ပြည်သို့ တင်ပို့၍ မရတော့။ ထွက်ရှိလာသော ထွက်ကုန်များကလည်း ဘယ်လို လုပ်ရမည်မသိ။
သည်အတိုင်း ကြည့်နေရုံကတော့ ဘာမှဖြစ်လာမည်မဟုတ်။ ပစ္စည်းများကလည်း ရေရှည် အထား ခံသည်လည်း ရှိသည်။ အထား မခံတာကလည်း ရှိသည်။ ပစ္စည်းများ ရောင်းမထွက်တော့ အချိန်ကုန် ငွေပုပ်ချေပြီ။ သည်အတိုင်းတာဆို နောင်နှစ် ဘယ်လိုပြန်ရင်းရပါ့ဟု တောင်သူများ သောကများနေကြရပြီ။ မိမိတို့ သွေးချွေးတို့ဖြင့် ရင်းနှီးထားရသော ထွက်ကုန်များ အဟောသိက ဖြစ်တာကိုလည်း အဖြစ်မခံနိုင်။ ရှုံးသည် မြတ်သည် အသာထား။ စားသုံးသူလက်ထဲ အကျိုးရှိစွာ ရောက်ရှိသွားမည်ဆိုလျှင် တောင်သူဦးကြီးများ စိတ်ချမ်းမြေ့ကြရမှာ အမှန်။
ယခုတော့ ကြည့်ပါဦး၊ ရှမ်းပြည်ထွက် ဂေါ်ဖီထုပ်တွေ မရောင်းနိုင်ဖြစ်နေပြီ။ မကွေးတိုင်း ဆိပ်ဖြူကြက်သွန်နီများကလည်း ထိုနည်းလည်းကောင်း၊ ရှမ်းပြည်မှ မဟုတ်၊ စိုက်ပျိုးရေး ထွက်ကုန် ဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုနေကြသော အနယ်နယ်အရပ်ရပ်ရှိ တောင်သူဦးကြီးများ လည်း အခက်အခဲရှိကြမည်ဖြစ်သည်။
ရှမ်းပြည်နယ်မှ တောင်သူဦးကြီးများမှ အဆင်မပြေမှုများ၊ ငြီးငြူသံများ ကြားသိနေရ သောအခါ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းသည် တောင်သူများ အရင်းအနှီး ပြန်လည်ရ စေခြင်းငှာ၊ တောင်သူများထံမှ ဂေါ်ဖီထုတ်များ ဝယ်၍ လှူဒါန်းခဲ့သည်ဟု ဆိုပါသည်။ အလားတူ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်မှ ကုန်ပစ္စည်းများ လက်ခံဖြန့်ဖြူးပေးနိုင်မည့် တိုင်း ဒေသကြီး / ပြည်နယ်သမဝါယမအသင်းစုချုပ်များနှင့် ချိတ်ဆက်၍ ပေးပို့ခဲ့ပါသည်။ ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်မှ ပေးပို့လိုက်သည်ဆိုသော်လည်း ကုန်မှာယူထားသော တိုင်း ဒေသကြီး / ပြည်နယ် အသီးသီးမှ သမဝါယမအသင်းစုချုပ်များက သယ်ယူစရိတ်ခံယူကြရသည်သာ။ ၎င်းတို့မှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုများက ကုန်အရေအတွက် အချိန် အလိုက် အချိုးကျ ကျခံကြရမည် ဖြစ်သည်။
ရှုံးသည်၊ မြတ်သည် ပဓာနမထား။ အရေးကြီးက သွေးနီးကြဆိုသလိုပင် သမဝါယမသည် အခက်တွေ့နေသော တောင်သူဦးကြီးများအတွက် တစ်ဖက်တစ်လမ်းမှ တာဝန်ယူ ထမ်းရွက် လိုက် ခြင်းပင်။ တောင်သူဦးကြီးများသည် သမဝါယမအသင်းသားများ ဖြစ်ကောင်းမှဖြစ်မည်။ သည်လို အတိဒုက္ခရောက်နေချိန်တွင် တစ်သွေးတည်း တစ်သားတည်း စိတ်ဓာတ်ဖြင့် သမဝါယမ အသိ စိတ်ဓာတ်ဖြင့် ဖြန့်ဖြူးပေးခြင်းသာဖြစ်သည်။
အရောင်မဆိုး၊ အကျိုးမမျှော်ကိုးသည့် သမဝါယမသည် စားသုံးသူ ပြည်သူများ၊ သမဝါယမ အသင်းသားများ လက်ဝယ်အရောက် စေတနာဖြင့် ဝေငှခြင်းများ ပြုနိုင်ခဲ့သည်။ တစ်နည်း ဆိုရသော် အိပ်မောကျနေသော သမဝါယမအသင်းသားများ၏ မှတ်ဉာဏ်ကို လှုပ်ခပ်နှိုးဆွ လိုက်ခြင်းပင်။
သည့်နောက်တော့ မကွေး ဆိပ်ဖြူက ကြက်သွန်နီများကို ရှမ်းပြည်နယ်သမဝါယမအသင်း စုချုပ်သို့လည်းကောင်း၊ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်မှ မကွေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်သို့ ရှမ်းပြည်ဒေသထွက် ကြက်သွန်ဖြူ၊ အာလူးတို့ကို အပြန်အလှန်ကုန်စည်စီးဆင်း ခြင်းဖြင့် သမဝါယမအခန်းကဏ္ဍကို နှိုးကြားစေလိုက်သည်။ စျေးနှုန်းလည်း သက်သာ၊ အချိန်လည်း မှန်သော ကုန်ပစ္စည်းများကို လျင်မြန်မြန်ဆန်စွာ ဖြန့်ဖြူးနိုင်ရန် အရေးကြီးပါသည်။ ကုန်ပစ္စည်း များက မိုးထဲလေထဲက ရောက်ရှိလာသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း ကုန်ပစ္စည်းများ မရောက်လာခင်ကတည်းက ဝယ်ယူလိုသော အခြေခံ သမဝါယမအသင်းများနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ အခြေခံသမဝါယမအသင်းဟုဆိုရာတွင် ရောင်းဝယ်ရေးသမဝါယမအသင်းသာမဟုတ်၊ ရပ်ကွက်/ကျေးရွာကိုယ်စားပြုအသင်းများ၊ လက်လုပ် လက်စားငွေစုငွေချေးသမဝါယမအသင်းများ၊ အသေးစားငွေစုငွေချေးသမဝါယမအသင်းများလည်း ပါဝင်ပေသည်။
သည်လို ဝယ်ယူအောင်လည်း အခြေခံအသင်းများကို စည်းရုံးရပါသည်။ အမှန်ဆိုရပါလျှင် အခြေခံသမဝါယမအသင်း တော်တော်များများသည် ငွေစုငွေချေးသမဝါယမအသင်းများမှတစ်ပါး အသင်းဆိုင်မြေနေရာငှားရမ်းခြင်း၊ ဆိုင်ခန်းငှားရမ်းခြင်းဖြင့်သာ မျောပါနေကြသည်က များပါသည်။
ယခုလည်း ကြည့်လေ၊ မခင်မွှေးတို့မြို့နယ်က ရောက်ရှိလာသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ကို ဆိုင်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
သည်တော့လည်း လျင်မြန်၊ မြန်ဆန်စနစ်ဖြင့် အရောက်ပို့လိုက်ခြင်းက ပို၍ အကျိုး ရှိပေလိမ့် မည်။ စျေးနှုန်းသက်သာ၊ အချိန်မှန်ကန်စွာ ရောက်ရှိလာသော ပစ္စည်းကို အသင်းသား များ စားသုံးရ ခြင်းသည် ငြိမ်သက်နေသော သမဝါယမအပေါ် ယုံကြည်အားကိုးမှုများ ရှိလာ လိမ့်မည်ဟု မခင်မွှေး တွေးထင်မိပါ၏။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ကုန်ပစ္စည်း မှာယူလိုသော အသင်းများလည်း ရှိ လာသည်။ ထိုသို့ တကူးတကန် သွားရောက် ပို့ဆောင် ပေးရသည့် အတွက် မြို့နယ်သမဝါယမ အသင်းစုအတွက် အရှုံးကာမိစေခြင်းငှာ၊ စရိတ် အနည်းငယ် တင်ခဲ့ရပါသည်။ အခြေခံသမဝါယမ အသင်းများသည်လည်း စိတ်ပါဝင်စား လာသည် ဟု ဆိုရပေမည်။ အသင်းများလှုပ်ရှားလာခြင်းသည် ကောင်းမွန်သောလက္ခဏာပင် မဟုတ်ပါလော။ အသင်းများပါဝင်လှုပ်ရှားလာခြင်းအားဖြင့် အသင်းသား များလည်း ပါဝင်လာ နိုင်ပါသည်။ သမဝါယမအသင်းသား မရှိလျှင် သမဝါယမအသင်းမဖြစ်နိုင်။ သမဝါယမအသင်း မရှိလျှင် သမဝါယမအသင်းစုများလည်း မရှိနိုင်။ သမဝါယမအသင်းစုမရှိလျှင် သမဝါယမ အသင်းစုချုပ်လည်း ရှိနိုင်မည်မဟုတ်။ သမဝါယမအသင်းစုချုပ်များ မရှိလျှင် ဗဟို သမဝါယမ အသင်း သည်လည်း ရှိနိုင်ပါမည်လား။ မခင်မွှေး တွေးမိတာပါ။
အသင်းသားသည် တစ်ဦးတစ်ယောက်မှ စ၍ ဖွဲ့စည်းရပါသည်။ ဤသို့ အသင်းသားများ စိတ် ပါဝင်စားလာအောင် စားသုံးသူများ၏ လိုအပ်ချက်၊ အကျိုးစီးပွားကို ဖြည့်စွမ်းနိုင်မှသာ အသင်းဟူ၍ ရေရှည်တည်တံ့ပါမည်။
သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစု ဟူသည် ခေါင်းနှင့် ပန်းသဖွယ် ဖြစ်သဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်။
ပထမ ကိုဗစ်ကာလတုံးက မခင်မွှေးတို့ နေထိုင်ရာဝန်းရှိ သက်ဆိုင်ရာလူကြီးများက လကုန် ပေးစနစ်ဖြင့် စားသောက်ကုန်များ ရောင်းချပေးခဲ့ဘူးသည်။ ခိုင်မာသော အလုပ်သမား များ ဖြစ်တာကြောင့် လကုန်သည်နှင့် ကြွေးမြီများကောက် ခံခဲ့သည်။ သူတို့လည်း အခက်အခဲ ဖြစ်နေ ချိန် ဆိုတော့ ဝမ်းသာအားရ အားပေးခဲ့ကြသည်လေ။
သည်အတွေ့အကြုံလေးကို မခင်မွှေးက ကျင့်သုံးလိုက်၏။ အမြတ်ကို အဓိက မထား။ စရိတ်စက အတွက်တော့ ထည့်တွက်ရသည်။ သည့်အတွက် အကျိုးအမြတ်ကတော့ မခင်မွှေး အတွက် တစ်လသုံးရန် ကုန်ပစ္စည်းများ လက်ဝယ်ကျန်ရစ်ခဲ့သည်။ သည်တစ်လအတွက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးဝယ် မစားရတော့ပြီ။ အလုပ်လုပ်သောအကျိုးကို မခင်မွှေး သဘောပေါက်သွားပြီ။ အရင်းအနှီးကလည်း မစိုက်ရ။ မြို့နယ်သမဝါယမအသင်းစုက လကုန်ထိ ဆိုင်းပေးခဲ့သည့်အတွက် မခင်မွှေးစိုက်ထုတ်လိုက်သည်က ဝါယမသာဖြစ်သည်။ သည့်ထက် ပိုရောင်းလျှင် ပိုအမြတ်အစွန်း မကျန်နိုင်ပါပြီကော။ သမဝါယမဟူသည်လည်း အတ္တလည်း မဟုတ်၊ ပရဟိတလည်း မဟုတ်။ အတ္တနှင့်ပရဟိတ ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။ ဆီရောင်း လျှင် ဆီခွက်ထဲကျန်သည်ကိုတော့ ပိုင်ဆိုင်ခွင့်ရမည်မှာ အမှန်ပင်။
သည်နေရာတွင် မခင်မွှေး အတွေးတစ်ခုဝင်ပါ၏။ မခင်မွှေးသည် အခြေခံစားကုန်ရောင်းချ သော အသင်း၏ ဥက္ကဋ္ဌဆိုပါတော့။ မိမိအသင်းတိုးတက်အောင် ဤသို့ မစွမ်းဆောင်သင့်ဘူးလား။ မြို့နယ်သမဝါယမအသင်းစုမှ အခြေခံဟင်းများကို စားသောက်ကုန်များလက်ကားစျေးဖြင့် ရောင်းချ ပေးလျှင်ကော။ သို့တည်းမဟုတ် အမှန်တကယ် ရောင်းချလိုသည့် အခြေခံသမ ဝါယမ အသင်း များအတွက် ချေးငွေများ ပံ့ပိုးပေးမည်ဆိုပါလျှင် အသင်းများ သက်ဝင်လှုပ်ရှား လာပေ လိမ့်မည်။ မြို့နယ်သမဝါယမအသင်းစုသည် ငွေချေးပေးရန် အခြေအနေရှိကောင်းရှိချင်မှ ရှိပေ လိမ့်မည်။ မြို့နယ်သမဝါယမအသင်းစုမှလည်း တိုင်းသမဝါယမအသင်းစုချုပ်များသို့ ဆက်လက် တင်ပြ ပေးမည် ဆိုလျှင် တိုးတက်ရွေ့လျားနိုင်ပါသည်။
တိုင်းသမဝါယမအသင်းစုချုပ်များမှလည်း ချေးငွေထုတ်ပေးခြင်းသော်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ပေးပို့လာသောကုန်များကို ပွဲရုံသဖွယ် စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်မည် ဆိုပါလျှင် တစ်ဆင့်ခံကုန်သည်များအား အမြတ်ပေးဝယ်ခြင်းမှ ကင်းဝေး သွားပေ လိမ့်မည်။ ဤသို့ဆိုပါလျှင် သမဝါယမအသင်းများအတွက် အမြတ်ပိုကျန်လာမည်ဖြစ်သည်။
ယခုဆိုလျှင် သမဝါယမသတင်းနှင့် ပညာပေးရေးမှ သမဝါယမဦးစီးဌာနများအား ဖိတ်ခေါ် ကာ ကုန်စည်များ ချိတ်ဆက်ပေးလျှက် ရှိပါသည်။ မကြာသေးမီက ရှမ်းပြည်နယ်မှ မြေပဲဆန်အနီ နှင့် အဖြူများ ရောင်းချလိုကြောင်း တင်ပြလာခြင်းအပေါ် ချိတ်ဆက်ပေးခဲ့ရာ ညောင်ဦးမြို့နယ် အတွင်း သမဝါယမအသင်းပိုင် ဆီစက်မှ ပိဿာချိန် (၄၀၀၀) ဝယ်ယူနိုင်ခဲ့ပါသည်။ အသင်းပိုင် ဆီစက်မှ မြေပဲဆီစစ်စစ် ရရှိစေပြီး ပြင်ပပေါက်စျေး တစ်ပိဿာ(၆၀၀၀)ကျပ်ထက် လျော့၍ (၅၆၀၀)စျေးဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။
ဤသို့ဆိုပါလျှင် သမဝါယမလုပ်ငန်းများ မအောင်မြင်သလောဟု မေးလာပါက အောင်မြင် နေသော အသင်းများစွာ ရှိနေသည်ဟု ဖြေပါမည်။ သာဓကပြရလျှင် ရန်ကုန်တိုင်းတွင် ခရမ်း မြို့နယ်၊ ကုန်ပဒေသာဆိုင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါး စက်မှုလက်မှု ကုန်ထုတ် သမဝါယမ အသင်းမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ မီးခံအုတ်နှင့် မီးခံမြေမှုန့်များ၊ လျှပ်စစ်သုံး ကြွေသီးမျိုးစုံ ပစ္စည်းများ၊ ဘိုင်အိုဒီဇယ်သုံး ဖန်ပုလင်းများ၊ ဆေးဝါးစက်ရုံသုံး ဆေးပုလင်းများ၊ အလှဆင်ဖန်ထည် ပစ္စည်းများ ထုတ်လုပ်ပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ဆေးဝါးစက်ရုံများနှင့် ပုဂ္ဂလိကစက်ရုံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ အင်းစိန်မြို့နယ်မှ ဆေးဝါးကျွမ်းကျင်သူများ သမဝါယမ အသင်းမှ ဆေးဝါးများ ထုတ်လုပ်ရောင်းချပေးခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာ သမဝါယမအသင်းမှ ပြည်တွင်း ပြည်ပကုမ္ပဏီအဖွဲ့အစည်းများက ကုန်ကြမ်းပေး အပ်နှံ လာသော အထည်များအား လုပ်ခပေး(CMP) စနစ်ဖြင့် လက်ခံချုပ်လုပ်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ခြင်း၊ ပြည်ပပို့ကုန် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ ရအောင် ဆောင်ရွက်ပေးခြင်း၊ သည့်အပြင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အတွင်းရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ ပြင်သစ်နိုင်ငံသို့ အရည်အသွေးပြည့်မီ ကော်ဖီတန်ချိန် (၁၉.၂)တန် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းအနေဖြင့် ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုမှ နှစ်လပ်သီးနှံနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း၊ တနင်္သာရီတိုင်းမှ ရေထွက်ပစ္စည်းများကို စားသုံးသူလက်ဝယ်အရောက် ရောင်းချ ပေးခြင်း၊ ကန်ကြီးထောင့်မြို့နယ် သမဝါယမအသင်းများမှ ပေါ်ဆန်းမွှေးမျိုးစေ့ ထုတ်လုပ် စိုက်ပျိုး ခြင်း၊ မေမြို့မြို့မစျေးကြီးမှ ငွေစုငွေချေးလုပ်ငန်း၊ ညောင်ဦး မြို့နယ်ရှိ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ နေပြည်တော်ရှိ သမဝါယမအသင်းများက လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် ပေးလျက်ရှိခြင်း၊ ရပ်စောက်မြို့နယ်မှ ရွှေဂျင်းစိမ်းမျိုးစေ့ထုတ်လုပ်ရောင်းချ ခြင်း၊ မြောင်းမြမြို့နယ်ရှိ မြမျိုးသန့်မျိုးစေ့သမဝါယမအသင်းက မျိုးစေ့စပါးများ ထုတ်လုပ်ရောင်းချ ခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။
ဤကဲ့သို့ အောင်မြင်နေသော သမဝါယမပုံရိပ်များကို မြင်တွေ့ကြားသိနေရသောအခါ အလွန် ဝမ်းသာပီတိဖြစ်ရပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ လက်လုပ်လက်စား သမဝါယမ အသင်းများ အား ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့သလို မွေးမြူရေးလုပ်ငန်းများကိုလည်း ချေးငွေများ ထုတ်ချေးပေး လျက်ရှိပါသည်။ အမှန်အကန်လုပ်ဆောင်သော သမဝါယမ အသင်းများအနေဖြင့် အကျိုးစီးပွား ဖြစ်ထွန်းတာအမှန်ပင်။
ဥပမာပြရပါလျှင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အသင်းစုမှ Exim Bank ချေးငွေများ ထုတ် ချေးနိုင်ခြင်းဖြင့် ကိုယ်ပိုင်မြေ အဆောက်အဦမရှိသောအခြေအနေမှ အသင်းပိုင်မြေနှင့် အဆောက် အဦဆောက်လုပ်နိုင်ခြင်းများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ဤကဲ့သို့ အားနည်းချက်၊ အားသာချက်များ ရေးသားတင်ပြခြင်းအပေါ် မျက်လုံးစိမ်းဖြင့် မကြည့်ပါဘဲ၊ မိမိတို့အသင်းနှင့် အသင့်လျော်ဆုံး လုပ်ငန်းများဖြင့် စွမ်းဆောင်ကြစေလိုပါသည်။
ဤသို့ဆိုလျှင် ဆိုင်ခန်းငှားရမ်းခလေးတစ်ခုတည်းပေါ် မှီခိုပြီး ဝန်ထမ်းလစာ၊ အမှုဆောင် လစာများ ရယူနေသော သမဝါယမအသင်းများလည်း ပြောင်းလဲချိန်တန်ပြီဟု ဆိုချင်ပါသည်။ ငိုက်မြည်းနေသော သမဝါယမဝန်ထမ်းများသည် နိုးထချိန်တန်ပါပြီ။ မခင်မွှေးမြင်သမျှ တွေ့သမျှ ရေးသားတင်ပြခြင်းအပေါ် မျက်လုံးစိမ်းဖြင့် မကြည့်ပါဘဲ မိမိတို့အသင်းနှင့် အသင့်လျော်ဆုံး အလုပ် များဖြင့် စွမ်းဆောင်ကြစေချင်ပါသည်။
နှစ်တစ်နှစ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မခင်မွှေးအား ဖိတ်ကြားခံရတိုင်း အချို့သော အသင်းများကို မခင်မွှေး အကြံပြုစကားဆိုလေ့ရှိပါသည်။
ဥပမာ- အမှန်တကယ် ဝင်ငွေလိုအပ်နေသော အိမ်နေရင်း ဝင်ငွေရရှိနိုင်သော စက်ချုပ် လုပ်ငန်းကို လုပ်ကိုင်လိုသော အသင်းသားရှိသည်ဆိုပါတော့၊ ထိုအသင်းသားအား အပ်ချုပ်စက် တစ်လုံးကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျှင် မဖြစ်နိုင်ဘူးလား။ ဆိုင်ကယ်ကယ်ရီဆွဲနေသော အသင်းသားတစ်ဦးကို ကိုယ်ပိုင်ဆိုင်ကယ်လေးဖြစ်လာအောင် နေ့သွင်းစနစ်ဖြင့် ဆိုင်ကယ် ဝယ်ပေး လျှင်ကော အသင်းဝင်ငွေ မတိုးနိုင်ပေဘူးလား။ ကိုယ်ပိုင်အိမ်ဆိုင်လေးတည်ချင်သော အသင်းသား တစ်ဦးကို ချေးငွေများ အရစ်ကျချေးပေးလျှင် မဖြစ်နိုင်ပေဘူးလား။
အဝေးကြီး၊ အကြီးကြီး မစဉ်းစားပါဘဲ၊ တစ်နိုင်တစ်ပိုင်လေး စတင်ယုံဖြင့် အကျိုးအမြတ် စတင်ရရှိလာနိုင်ပါလိမ့်မည်။ သမဝါယမတစ်သင်းမှစ၍ အနယ်နယ်အရပ်ရပ်ရှိ သမဝါယမအသင်း များအထိ သမဝါယမအသိစိတ်ဓာတ်ဖြင့် စွမ်းဆောင်ကြမည်ဆိုလျှင် သမဝါယမ ရေစီးကြောင်း သည် စဉ်ဆက်မပြတ် စီးဆင်းနေသော မြစ်တစ်စင်းအဖြစ် ရှင်သန်နေပေလိမ့်မည်ဟု မခင်မွှေး ယုံကြည် မိပါကြောင်း။
ခိုင်လွမ်းဝေ(ကန္ဒရဝတီ)