သတင်းကဏ္ဍ

ချောင်းဦးမြို့နယ်တွင် သီးမွှေးငှက်ပျော နှင့် ဒန့်သလွန် သီးညှပ်စိုက်ပျိုးမှုမှ ပုံမှန်ဝင်ငွေ ရရှိ

ချောင်းဦးမြို့နယ်တွင် သီးမွှေးငှက်ပျော နှင့် ဒန့်သလွန် သီးညှပ်စိုက်ပျိုးမှုမှ ပုံမှန်ဝင်ငွေ ရရှိ နေကြကြောင်း၊ မိသားစုလုပ်အားဖြင့် လုပ်ကိုင်ဆောင်ရွက်သူများ ဝင်ငွေပိုမို ရရှိနေကြကြောင်း သိရသည်။ဒန့်သလွန်နှင့် သီးမွှေးဌက်ပျောသီးညှပ်စိုက်ခင်း(၁.၃)ဧက စိုက်ပျိုးထားရှိပြီး တစ်လ ၃ကြိမ် ရေသွင်းပေးရကြောင်း၊ ဒန့်သလွန်သီးကို တစ်နှစ်လျင်(၇၂)ကြိမ် ခူးယူရောင်းချနိုင်ကြောင်း၊ တစ်ကြိမ်ခူးပါက ဒန့်သလွန်အသီးတောင့် (၂၀၀)ခန့် ဆွတ်ခူး ရရှိပြီး အသီးအတောင့် တစ်တောင့် လျှင် ၈၀ ကျပ် နှုန်းခန့် ရရှိသဖြင့် တစ်နှစ်ဝင်ငွေ (၁၁)သိန်း ရရှိနိုင်ကြောင်း၊ သီးမွှေး  ငှက်ပျော ကို ပင်ကြား ၆ တောင် တန်းကြား ၆ တောင် စိုက်ပျိုးထားရှိကြောင်း၊ တစ်ဧက အပင်ဝင်ရေ ၈၀၀ ပင် ရှိကြောင်း၊ လေးလတစ်ခါ ခုတ်ယူရပြီး တစ်နှစ်လျင် ငှက်ပျောခိုင်(၅၀၀)မှ(၆၀၀) ရရှိကြောင်း၊ ငှက်ပျော တစ်ခိုင်(၁၅၀၀)မှ (၂၀၀၀)ကျပ်ထိ ရောင်းချနိုင်ကြောင်း၊ တစ်နှစ်ဝင်ငွေ (၁၀)သိန်း ကျော် ရရှိကြောင်း၊ တဆင့် ပြန်လည် ရောင်းချသူများက ခြံအရောက် လာရောက် ဝယ်ယူကြ သဖြင့် အဆင်ပြေစွာ ရောင်းချ ရကြောင်း၊ မိသားစုလုပ်အားဖြင့် ဆောင်ရွက်သဖြင့် လုပ်သား စရိတ် မရှိ၍ ဝင်ငွေပိုမို ရရှိကြောင်း၊ Covid19 ကာလ ဖြစ်သော်လည်း ပုံမှန် ဝယ်ယူသူများ ရှိနေကြောင်း ချောင်းဦးမြို့နယ် ချောင်းမနားကျေးရွာ မှ ဥယျာဉ်ခြံသီးနှံ သီးညှပ် တစ်ပိုင် တစ်နိုင် စိုက်ပျိုးသည့် တောင်သူ ဦးခင်မောင်သန်း က ပြောသည်။

ချောင်းဦးမြို့နယ်၌ ဆန်စပါး၊ ဆီထွက်သီးနှံ နှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုများ အပြင် အခြား သီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် လုပ်ကွက်ငယ် တောင်သူများလည်း ရှိကြရာ အရည်အသွေး ကောင်း သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး နှင့် အစားအစာ ဘေးကင်း လုံခြုံရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ အသုံးပြုရာတွင် ဓာတုဆေးများ လျော့ချသုံးစွဲနိုင်ရေး ၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲရေး နှင့် သီးနှံ ပိုးမွှားရောဂါ ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြုနိုင်ရေးတို့အတွက် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်း များ က ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း ကွင်းတာဝန်ခံ များဖြစ်ကြသည့် ဦးကျော်သူရထွန်း နှင့် ဦးအောင်ကျော်သူ တို့ကပြောသည်။

ချောင်းဦးမြို့နယ် ချောင်းမနားကျေးရွာ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံ စိုက်ခင်းများ အနေဖြင့် Covid-19ကာလအတွင်း စိုက်ပျိုးဆောင်ရွက်နေမှု အရှိန်အဟုန် လျော့ကျမှု မဖြစ်ပေါ်စေရန် နှင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေ ပုံမှန်ရရှိရေး၊ စျေးကွက်ချိတ်ဆက် ဆောင်ရွက်မှုအဆင်ပြေ ချောမွေ့စေရေး တို့အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ က အနည်းကပ် ကွင်းဆင်းကူညီ ဆောင်ရွက် ပေးနေကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။