စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းလဲလာသည့်ရာသီဥတုဖြစ်စဉ်များနှင့်လိုက်လျောညီထွေ ဖြစ်ထွန်းနိုင်ပြီး ဈေးကွက်အကျိုးအမြတ် ရရှိစေရေးအတွက် ဒေသအလိုက်သင့်တော်သော သီးနှံ မျိုးကွဲများ ပွားများဖြန့်ဖြူး စိုက်ပျိုးစေလျက်ရှိရာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ယခုနှစ် အတွင်း မိုးဦး/မိုးနှောင်း ချည်မျှင်ရှည်ဝါ (ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈၊ ရွှေတောင် – ၁၀) မျိုးသစ်မျိုးသန့်များ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရသည်။ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန က ပွားများ ဖြန့်ဖြူး လျက်ရှိသည့် (ငွေချည်၊ ရွှေတောင်) ဝါမျိုးများကို တောင်သူများ အနေဖြင့် ရယူ စိုက်ပျိုးကြ သကဲ့သို့ (ပြည်ပမှ တင်သွင်း သည့်) အခြား ဝါမျိုးများ ကိုလည်း စိုက်ပျိုး ကြကြောင်း ၊ ယခင်နှစ် ရာသီဥတု ဖောက်ပြန်မှု နှင့် ပိုးမွှား ရောဂါ ကျရောက်မှု တို့ကြောင့် ဝါသီးနှံ အထွက်နှုန်း ထိခိုက် ခဲ့သော်လည်း ဈေးကွက်၌ တစ်ပိဿာ လျင် (၁၅၀၀)ကျပ်နှုန်း အထိ ရရှိခဲ့ကြကြောင်း၊ လက်ရှိ ကာလ တွင် ဝါတစ်ပိဿာ ကျပ်(၇၀၀-၈၀၀)ခန့် ဈေးနှုန်းရှိသဖြင့် ဝါသီးနှံ ဈေးကွက်ကောင်း တစ်ခု ရရှိရေး မျှော်လင့် နေကြ ကြောင်း၊ တောင်သူများအနေဖြင့် ယခုနှစ်တွင် ရာသီဥတုဒဏ်နှင့် စုပ်စားပိုးဒဏ် ခံနိုင်ရည် ရှိသော စိုက်ပျိုးရေး ဦးစီးဌာနထုတ်(ငွေချည်၊ ရွှေတောင်)ဝါမျိုးများ ကို ပိုမို ရွေးချယ် စိုက်ပျိုး လာကြကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံစိုက်ပျိုး၍ မျိုးသန့်များ ပွားများ ထုတ်လုပ်လျက် ရှိသည့် မြေပြင်သာကျေးရွာအုပ်စု တောင်သူ ဦးမြင့်စိုး ထံမှ သိရှိရသည်။
ဝါသီးနှံသည် မိုးခေါင်ဒဏ်ကို ခံနိုင်ရည်အသင့်အတင့်ရှိပြီး မိုးနှောင်းရာသီတွင် အဓိက စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံ တစ်မျိုးဖြစ်သည်။ယခုနှစ် မြို့သစ်မြို့နယ်၏ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှာ စုစုပေါင်းဧက(၂၃၀၀၀)ကျော် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပြီး စိုက်ပျိုးရေးဦးစီးဌာန က ချည် မျှင် ရှည် ဝါ မျိုးသန့်ပွားများရေးလုပ်ငန်းအစီအစဉ်ဖြင့် (ငွေချည်-၉၊ ရွှေတောင်-၁၀၊ ရွှေတောင်-၈) ဝါမျိုးသန့်(၂၀၆)ဧကစာအတွက် မျိုးများပံ့ပိုးဖြန့်ဖြူးထားရှိပြီး ဝါသီးနှံ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တောင်သူများ စိုက်ကွင်း လက်တွေ့လေ့လာသိရှိနိုင်စေရန် ချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင် စမ်းသပ် ကွက် နှင့် ဝါသီးနှံဖြစ်ထွန်းမှု စံပြကွက်တို့အား အကျိုး ဆောင်တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ထားရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်း ထံမှ သိရှိရသည်။မိုးကောင်းသောက်လယ်ယာမြေများတွင် မိုးဦးကာလ၌ မိုးနှမ်း၊ ပဲတီစိမ်း သီးနှံများ ကို အဓိက ထား စိုက်ပျိုးကြပြီး၊ မိုးနှောင်းကာလ သီးထပ်သီးနှံအဖြစ် ချည်မျှင်ရှည်ဝါသီးနှံအား ပိုမို အလေး ထား စိုက်ပျိုးကြကာ အခြားသီးနှံများထက် ဝါသီးနှံက တောင်သူအတွက် အကျိုးအမြတ်လည်း ပိုမိုရရှိလေ့ရှိကြောင်း သတင်းရရှိသည်။