၂၀၂၀ မိုးစပါးရိတ်သိမ်း ကာလတွင် ဆောင်ရွက်ရမည့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူကြိတ်ခွဲခြင်း၊ စျေးကွက်သို့တင်ပို့ခြင်း စသည့် လုပ်ငန်းများတွင် မလိုလားအပ်သော ကုန်ကျစရိတ် ကြီးမြင့်မှု မဖြစ်ပေါ် စေရေး ၊ ကျန်းမာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များ နှင့် ဒေသန္တရအမိန့်များ အရ နယ်ကျော် ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကြောင့် လယ်ယာ လုပ်ငန်းခွင် အခက်အခဲများ မဖြစ်ပေါ်စေရေး တို့အတွက် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအပါအဝင် စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၂၀ မိုးစပါးရိတ်သိမ်း ကာလ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြား သည်။
အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ နှင့် တာဝန်ရှိ သူများ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်မှူးများ က Zoom Application အသုံးပြု၍ သက်ဆိုင်ရာ ဒေသများမှ ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၀ မိုးစပါးစိုက်ပျိုးပြီးစီးခဲ့မှုနှင့် စပါးထွက်ရှိနိုင်မှု ၊ ဒေသအလိုက် ရိတ်သိမ်း ခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲ သယ်ယူခြင်း စသည့်လုပ်ငန်းများအတွက် စက်ကိရိယာ ၊ ကျွမ်းကျင်လုပ်သား နှင့် လယ်ယာလုပ်သားလိုအပ်ချက်အခြေအနေများကိုလည်းကောင်း၊ Covid-19 Pandemic ကာလ အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန် ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ ၊ ဒေသန္တရအမိန့်များ အရ နယ်ကျော် ဝင်ထွက် သွားလာမှုများအပေါ် ကန့်သတ်မှုများ ကြောင့် တောင်သူများအနေဖြင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ကြုံတွေ့ နိုင်သည့် အခက်အခဲများ၊ ဝယ်ယူခြင်း သယ်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ကြုံတွေ့လာနိုင်သည့် အခြေအနေများကိုလည်းကောင်း၊ အဆိုပါ အခက်အခဲများအတွက် လိုအပ်သည့် ကြိုတင် ညှိနှိုင်း ပြင်ဆင် ဆောင်ရွက်ရန် လိုအပ် ချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ယခုနှစ်မိုးစပါးရာသီတွင် စိုက်ဧက(၁၅.၁)သန်းစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ စက်တင်ဘာ လကုန်အထိ (၁၄.၇)သန်းစိုက်ပျိုးပြီးဖြစ်ကာ ယခင်နှစ် ကာလတူ စိုက်ဧရိယာထက် အနည်းငယ် ပိုမိုခဲ့သော်လည်း ရာသီကုန်အထိ စိုက်ပျိုးနိုင်မည့်ဧရိယာမှာ ယခင်နှစ်အောက် ဧက အနည်းငယ်သာ လျော့နည်းမည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများ၌ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ စက်တင်ဘာလကုန်အထိ ပဲခူးတိုင်းဒေသကြီး ၌ ဧက သုံးသောင်း ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ၌ ဧကတစ်ထောင်ခန့် ၊ ဧရာဝတီတိုင်းဒေသကြီး၌ ဧကနှစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သကဲ့သို့ အောက်တိုဘာလကုန်အထိ စုစုပေါင်းဧက သုံးသိန်းခွဲကျော်ခန့် ထပ်မံ ရိတ်သိမ်း သွားရန် ရှိနေကြောင်းသိရသည်။
တောင်သူများအနေဖြင့် ယခုနှစ်မိုးစပါးကို သက်လျင် သက်လတ် မျိုးကောင်းမျိုးသန့် စပါးမျိုးများ ပိုမိုအသုံးပြု စိုက်ပျိုးထားကြခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးခြင်း တို့ကြောင့် သက်တမ်းတို ၍ ရင့်မှည့်ချိန်ကာလ တူညီကြပြီး တစ်ပြိုင်တည်း ရိတ်သိမ်းခြွေလှေ့ရန် လိုအပ် လျက်ရှိရာ အချိန်မီ ရိတ်သိမ်းနိုင်ရေး အတွက် ရိတ်သိမ်းခြွေလှေ့စက်ကြီးများ အသုံးပြုရန် လိုအပ်မည် ဖြစ်ပြီး၊ စပါးလှိုင်လှိုင်ရိတ်သိမ်းရမည့် အချိန်များတွင် ဒေသတစ်ခု မှ တစ်ခုသို့ စက်ကြီးများ သယ်ယူ ပို့ဆောင်ရေး နှင့် ကျွမ်းကျင်လုပ်သားများ သွားလာရေးတို့သည်လည်း လိုအပ် လာမည်ဖြစ်သည်။ အလားတူ စပါးရောင်းချ ဝယ်ယူခြင်းလုပ်ငန်းများ တွင် အကန့် အသတ်များ ကြောင့် စပါးစျေးနှုန်းအပေါ် သက်ရောက် လာပါက တောင်သူများအတွက် များစွာထိခိုက်နစ်နာနိုင်သည့် အခြေအနေများကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ညှိနှိုင်း ဆောင်ရွက် ရေး နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန် ယနေ့ အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။