ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာစကား ပြောကြား

Covid-19 ကြောင့်ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများ မှ အမြန်ဆုံး ရုန်းထွက်နိုင်ရေး အတွက် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ မိမိတို့ဝန်ကြီးဌာနအနေဖြင့် CERP Action Plan 2.1.7 ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက် ဆောင်ရွက် ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ကြရန်၊ အဂတိတရားကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ပတ်သက်သူ အားလုံး တို့နှင့် ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြား သည်။အစည်းအဝေး သို့  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆွေလင်း တို့ က ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ၊ ခရိုင် နှင့် မြို့နယ်ဦးစီးမှူးများက  သက်ဆိုင်ရာ ဒေသအသီးသီး တို့မှလည်းကောင်း Video Conferencing တွင် ပါဝင် တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားပြီး  ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က စီမံကိန်း လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ က ဒေသအသီးသီး၏ ဆောင်ရွက် ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများနှင့် မြေပြင်ပကတိအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၅)နှစ်တာကာလအတွင်း ကျေးလက်ရေပေးရေးလုပ်ငန်း(၁၁,၇၆၉)ရွာ၊ ကျေးလက်မီးလင်းရေး လုပ်ငန်း (၈,၅၆၈)ရွာ၊ ကုန်ထုတ်လမ်း (၁,၀၅၄)မိုင် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ခု  ဘဏ္ဍာရေး နှစ် အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၄၄၇၉ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင် သဖြင့် လူဦးရေ ၃ ဒသမ ၆ သန်းခန့် ကိုလည်းကောင်း၊ မြို့ရေပေးရေးစီမံကိန်းကို မြို့ ၁၁ မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ လူဦးရေ ၆ ဒသမ ၂၄ သိန်းခန့် ကိုလည်းကောင်း အကျိုး ပြုနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကျေးလက်ကုန်ထုတ်လမ်း ၇၄၁ မိုင် ၃ ဒသမ ၂ ဖာလုံနှင့် ကုန်ထုတ်တံတား ၁၁၀၂ စင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၆၉ သိန်းခန့် ကိုလည်းကောင်း၊ လူထုဗဟိုပြု စီမံကိန်း ကို ကျေးရွာပေါင်း ၆၀၀၁ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ ဒသမ ၀၁ သန်းခန့်ကိုလည်းကောင်း ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စီမံကိန်းယူနစ် ၅၇၀ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ သိန်းခန့် ကိုလည်းကောင်း ၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၃၄၅၀ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ကြောင့် လူဦးရေ ၁ ဒသမ ၂၃ သန်းခန့် ကိုလည်းကောင်း ၊ ကျေးလက်အိမ်ရာအဖြစ် ၂၉၇ လုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၁၀၄၀ ဦး ကိုလည်းကောင်း ၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းအဖြစ် အကြိမ်ရေ ၆၇၃ ကြိမ်ဖွင့်လှစ်ပို့ချနိုင်သဖြင့် လူဦးရေ ၁၆၅၅၇ ဦး ကိုလည်းကောင်း အကျိုးပြုနိုင်ခဲ့သည်။

CERP အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု ဆောင်ရွက်နိုင်ခဲ့၍ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် အကျိုးပြုခဲ့ပြီး၊  ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းကို ကျေးရွာပေါင်း ၁၇၁၀ တွင် အကောင် အထည် ဖော် ဆောင်ရွက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၄ သိန်းကျော် ကို လုပ်ငန်း ကဏ္ဍအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊  Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျေးရွာနှင့် မြို့ပြနေရာ ၃၁၈၆ နေရာတွင် လက်ဆေး ဘေစင်ပေါင်း ၄၀၆၃ ခု တပ်ဆင် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၇ သန်းခန့် အကျိုးပြု ခဲ့ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန က သတင်းရရှိသည်။