နယ်သတင်းများ

ချောင်းဦးမြို့နယ်၌ EMဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ လက်တွေ့သရုပ်ပြ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးခဲ့သည့် မိုးစပါးမျိုးစေ့ထုတ် RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာ အဟာရဓါတ်များ တိုးတက် လာစေရန် ၊ လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး EM သဘာဝ မြေသြဇာအဖြစ် ပြုလုပ်သုံးစွဲနည်းများကို ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး ၏ စီမံဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများက လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အမြင့်-မုံရွာ ကားလမ်းမဘေး တွင် လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ကြရာ ဆူးလေကုန်းကျေးရွာနှင့် ရွှေဒါးကျကျေးရွာ အနီးဝန်းကျင်ရှိကျေးရွာများမှ တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာ ခဲ့ကြသည်။

ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါကာလ တွင် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက စိုက်ကွင်းများအရောက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်း အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ၊ သဘာဝပိုးသတ်ဆေး ပြုလုပ် သုံးစွဲနည်းများ ၊ လက်တွေ့သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ ကို မိမိတို့ တောင်သူများ အလွန်စိတ်ဝင်စားကြပါကြောင်း၊ လယ်ယာစွန့်ပစ် ပစ္စည်းများကို အသုံးပြုပြီး သဘာဝမြေဩဇာအဖြစ် လက်တွေ့ကျကျ အကျိုးရှိစွာပြုလုပ်သုံးစွဲသွားမည်ဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် “ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးခဲ့သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၁၁၀၅)ဧက စိုက်ပျိုးထားရှိပြီး အမြင့် စိုက်ပျိုး နည်းပညာ ပြန့်ပွားရေးစင်တာ အနေဖြင့် ကျေးရွာအုပ်စု(၉)အုပ်စု မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၃၂၁.၅၀)ဧက ဆောင်ရွက်ထားရှိရာ စိုက်ကွင်းများတွင် မြေဆီလွှာ အဟာရဓါတ်များ တိုးတက်လာစေရန် EM ဘိုကာရှီ သဘာဝမြေဆွေးများပြုလုပ်ပုံ နှင့် စနစ်တကျ အသုံးပြုနိုင်ကြ စေရန် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးပညာရှင်များက လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။