နယ်သတင်းများ

မုံရွာမြို့နယ် ၌ ဆောင်းသီးနှံစိုက် တောင်သူများ သဘာဝ ပိုးသတ်ဆေး နှင့် သဘာဝမြေသြဇာများ ပြုလုပ် အသုံးပြုရေး ကွင်းဆင်းပညာပေး

ဆောင်းသီးနှံများ စိုက်ပျိုးရာ၌ စိုက်ပျိုးသူတောင်သူနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း​စေရန် အတွက်​ ဓာတုသွင်းအားစုများအစား သဘာဝ သွင်းအားစုများ ပြုလုပ် အသုံးပြု နိုင်စေရန် မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ က နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြသည်။အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများသည် စိုက်ကွင်းများ အတွင်း တောင်သူများနှင့်တွေ့ဆုံ၍ အစားအစာဘေးကင်းလုံခြုံရေး၏ အရေးပါမှု၊ သွင်းအားစု အရင်းအနှီး ကုန်ကျစရိတ် ၊ သီးနှံအထွက်နှုန်း နှင့် အကျိုးအမြတ် တို့ကို နှိုင်းယှဉ် ၍ သဘာဝသွင်းအားစုများ အသုံးပြုခြင်းကြောင့် တောင်သူအတွက် အကျိုးအမြတ် ပိုမို ရရှိနိုင်မှုအခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မုံရွာမြို့နယ်တွင် ဘေးအန္တရာယ် ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ရေး လုပ်ငန်း များကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသည့် သီးနှံများ စျေးကွက် ရရှိရေးကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ယခုနှစ် ဆောင်းရာသီတွင်လည်း ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများကို ဓာတုသွင်းအားစုများအစား သဘာဝဆေး/ မြေသြဇာများ ပြုလုပ်အသုံးပြုသော စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ က တောင်သူများ အား စည်းရုံး ဆွေးနွေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။