သုတေသန ဦးစီးဌာနသတင်းများ

အစေ့ထွက်နှင့် အရိုးထွက်ကောင်းသည့် အလားအလာကောင်း ဆတ်သီးနှံ မျိုးများ သုတေသန လုပ်ငန်း ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် Syngenta Foundation for Sustainable Agriculture တို့ပူးပေါင်း၍ ဇလုပ်စိုက်ပျိုးရေးသုတေသနခြံတွင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ နှံစားပြောင်းနှင့် ဆတ်သီးနှံ သုတေသနလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သု‌တေသနလုပ်ငန်းများ၏ အစီအစဉ်တစ်ခုဖြစ်သည့် ‌ဒေသနှင့်လိုက်လျောညီထွေသည့် အစေ့ထွက်နှင့် အရိုးထွက်ကောင်းသော ဆတ်သီးနှံ မျိုးသစ်များ အထွက်ယှဉ်ပြိုင်ခြင်း သုတေသနလုပ်ငန်းအား ဇလုပ်စိုက်ပျိုးရေးသုတေသနခြံ၌ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် လေ့လာစမ်းသပ်လျက်ရှိပါသည်။ စားနပ်ရိက္ခာဖူလှုံရေးနှင့် တိရိစ္ဆာန်အစာတိုးတက်ထုတ်လုပ်ရေးအတွက်ရည်ရွယ်၍ အရည်အသွေးကောင်း ဆတ်သီးနှံ မျိုးများ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် မျိုးယှဉ်ပြိုင်စမ်းသပ်လေ့လာခြင်း သုတေသန လုပ်ငန်းကို ဇလုပ်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဦးကျော်စွာဦး ဦးဆောင်၍ စမ်းသပ်ကွက် တာဝန်ခံ ဦးအောင်ကျော်မိုးနှင့် သုတေသနပညာရှင်များက စမ်းသပ်ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။
စမ်းသပ်မျိုးများအနက် ICMH – 84814, ICMS – 7835 နှင့် ICMV – 82113 မျိုးများသည် အသက်လျှင်ခြင်း၊ ပင်ပွားများခြင်း၊ အရိုးရှည်ခြင်း၊ နှံစရှည်ခြင်းစသော အလားအလာကောင်း မျိုးများ အဖြစ်တွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သီးနှံစိုက်ပျိုးသူ တောင်သူများ အနေဖြင့် မျိုးနှင့်စိုက်ပျိုးနည်းပညာအကူအညီများ ရယူလိုပါက စိုက်ပျိုးရေး သုတေသနဦးစီးဌာန (ရုံးချုပ်)နှင့် ဇလုပ်စိုက်ပျိုးရေးသုတေသနခြံရှိ သုတေသနပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

Comments are closed.