သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က “မိုးစပါး မျိုးစေ့ထုတ်ဧက (၁)သိန်း လုပ်ငန်းစဉ်” တွင် ကျရာအခန်းကဏ္ဍ မှ တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား  ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ၏ Cash or Lending Support Action Plan စီမံချက်အရ “မိုးစပါး မျိုးစေ့ထုတ်ဧက (၁)သိန်း လုပ်ငန်းစဉ်” တွင် ကျရာအခန်းကဏ္ဍ မှ တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြသည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ချီးမြှင့် သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ (၅) ရက်နေ့ နံနက်ပိုင်း က Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကား ပြောကြား ရာ၌ နိုင်ငံတော်၏ ရည်ရွယ်ချက် အောင်မြင်စေရေး အတွက် ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင် လမ်းညွှန်မှု နှင့်အတူ မိမိတို့အားလုံး ကျရာအခန်းကဏ္ဍက ဝိုင်းဝန်းကြိုးပမ်း အကောင် အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်း စတင်ရန် စီမံ ဆောင်ရွက် ရသည့် လုပ်ငန်းပြင်ဆင်ချိန် အနည်းငယ်သာ ရရှိခဲ့ခြင်းကြောင့် အခက်အခဲအချို့ ရှိခဲ့ သော်လည်း စိုက်ပျိုး ရာသီ အချိန်မီ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် သတ်မှတ်ထားသည့် “မိုးစပါး မျိုးစေ့ထုတ်ဧက (၁)သိန်း ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း ၊ မျိုးစေ့ထုတ် စိုက်ခင်း များ အားလုံး ဖြစ်ထွန်း အောင်မြင်နေကြောင်း နှင့် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ သွင်းအားစုဆိုင်ရာလုပ်ငန်းများအပါအဝင် မျိုးစေ့ထုတ် လုပ်ငန်းစဉ်များ အတိုင်း တောင်သူများ တိကျစွာ လိုက်နာ ဆောင်ရွက်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများက အနီးကပ်ကွင်းဆင်း ကြပ်မတ် ဆောင်ရွက်နေကြမှုအပေါ် အသိအမှတ်ပြု ပါကြောင်း၊ မျိုးစပါးအရည်အသွေးစစ်ဆေးခြင်း၊ မျိုးစေ့ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများ ဆက်လက်ပေါင်းစပ် ညှိနှိုင်း ပေးရန် လိုအပ်သည့် အတွက် မိမိတို့ဝန်ထမ်းများက ဆောင်ရွက်ပေးကြရန်တိုက်တွန်းပါကြောင်း၊ ယနေ့ ကျင်းပသည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ချီးမြှင့် သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး ၊ ပြည်နယ်များသို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ရာ တိုင်းဒေသကြီး ပြည်နယ် တာဝန်ရှိသူများကတဆင့် ခရိုင် မြို့နယ်များမှ ဝန်ထမ်းများ နှင့် ရှေ့တန်းတွင်ဆောင်ရွက်နေကြသည့် ကွင်းဝန်ထမ်းများ အထိ အသိပေး ဂုဏ်ပြုပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

Video Conferencing စနစ်ဖြင့်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး ၊ ပြည်နယ်ဦးစီးမှူးများ တက်‌ရောက်ကြသည်။ 

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ Covid-19 ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်မြှင့်တင်ပေးရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရက ရေးဆွဲချမှတ်ထားသော  Covid-19 Economic Relief Plan (ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်) ၏ Cash or Lending Support Action Plan စီမံချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်သည့် “မိုးစပါး မျိုးစေ့ထုတ်ဧက (၁)သိန်းလုပ်ငန်းစဉ်” တွင် ကျရာအခန်းကဏ္ဍ မှ တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ မိုးစပါးမျိုးစေ့ထုတ်ဧက (၁) သိန်းအတွက် ကျပ်(၁၄.၉၁)ဘီလီယံ  အပါအဝင် ကျေးလက်နေ ဝင်ငွေနည်း မိသားစုများအတွက် Cash for Work အစီအစဉ်၊ ကျေးရွာမတည် ရန်ပုံငွေအစီအစဉ် ၊ မွေးမြူရေးနှင့်ကုသရေးလုပ်ငန်း စဉ်များ ၊ စက်မှုလယ်ယာ လုပ်ငန်း ၊ ဆည်ရေသောက်မြောင်းများ နှင့် တာတမံ လုပ်ငန်းများ၊ ငါးသားပေါက်ဖြန့်ဖြူးခြင်း လုပ်ငန်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။