ကြေးတိုင်ဆိုသည်မှာ မြန်မာစကားလုံးစစ်စစ်ဖြစ်ပြီး ဝေါဟာရ၏အဓိပ္ပာယ်မှာ ကြေး သည် ငွေကြေးကိုကိုယ်စားပြု၍ တိုင်သည် ခိုင်မာခြင်းကို ကိုယ်စားပြုပါသည်။ အင်္ဂလိပ် ဘာသာဖြင့် Settlement ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ ကြေးတိုင်လုပ်ငန်းသည် နိုင်ငံတော်၏ မြေခွန်တော် နှုန်းထား သတ်မှတ်ရန်အတွက် အဓိကအခြေခံကျဆုံးသော လုပ်ငန်းဖြစ်ပါသည်။ ကြေးတိုင် လုပ်ငန်းသည် မြေခွန် တော်သတ်မှတ်ခြင်း(Fixation of Land Revenue Rates) ကို ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်။ ယင်းဝေါဟာရသည် မြန်မာဘုရင်များ လက်ထက်ကပင် သုံးစွဲခဲ့ပြီး ဗြိတိသျှကိုလိုနီတို့က မြန်မာတို့သုံးစွဲ ခဲ့သည့် ကြေးတိုင်ဟူသောဝေါဟာရကိုပင် ဆက်လက် သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။
ကြေးတိုင်လုပ်ငန်း၏ အခြေခံလုပ်ငန်းအဖြစ် မြေစာရင်းလုပ်ငန်းကို ဆောင်ရွက် ရပါသည်။ ဦးစွာ မြေများအား မြေတိုင်းတာပုံထုတ်သည့်လုပ်ငန်းကို စနစ်တကျဆောင်ရွက်၍ နယ်မြေဒေသကို စနစ် တကျပိုင်းခြားအုပ်ချုပ်နိုင်ရန်အလို့ငှာ မြေခွန်စည်းကြပ်ခြင်းနှင့် လယ်ယာကဏ္ဍစာရင်းဇယားများ ပြုစု ခြင်းတို့ကို ဟန်ချက်ညီဆောင်ရွက်ကြရပါသည်။
ဗြိတိသျှတို့က မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ကြေးတိုင်စိုက်၍ မြေခွန် စည်းကြပ် သတ်မှတ် သည့်လုပ်ငန်းကို ကိုလိုနီအစိုးရအာဏာစက်ပျံ့နှံ့စေရန် ရည်ရွယ်ချက်ဖြင့် နယ်မြေ အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အထိရောက်ဆုံး လက်နက်သဖွယ်အသုံးပြုခဲ့ပါသည်။ ကြေးတိုင်စိုက်သည့် လုပ်ငန်းအား မြန်မာပြည်တစ်ဝှမ်း အလျင်အမြန်ဆောင်ရွက်ခဲ့ကြပြီး ကြေးတိုင်ဌာန (Settlement Department)ကို သီးခြားဖွဲ့စည်း၍ ကြေးတိုင်မင်းကြီး (Settlement Commissioner)ကို ရာထူးအဆင့် ဖြင့် အုပ်ချုပ်ဆောင်ရွက်စေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဗြတိသျှကိုလိုနီတို့က ကြေးတိုင်စိုက်၍ နယ်မြေအုပ်ချုပ်မှုအတွက် ဗျူရိုကရေစီ ယန္တရားကြီး တည်ဆောက်ခဲ့ပါသည်။ ယင်းတို့၏ မြေခွန်တော်စည်းကြပ်မှုကိုလည်း တော်သင့်၍ တရားမျှတမှုရှိသည့် (Fair and Equita-ble) လုပ်ငန်းဟု ဆိုထားပါသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် ရေမြေ သဘာဝ၊ နယ်မြေအေးချမ်းမှု၊ လူမှုရေး၊ စီးပွားရေး စသည်တို့၏ ပကတိတည်ရှိနေမှု အခြေအနေအတိုင်း သုံးသပ်စည်းကြပ်ထားခြင်းတို့ကြောင့် တရားမျှတ၍ အခွန်ပေးနိုင်စွမ်းရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
ထို့အပြင် ကြေးတိုင်လုပ်ငန်းနှင့်ပတ်သက်၍ (က)စာရင်းအင်းစုစည်းမှုနှင့် သုံးသပ်မှုတို့မှာ သိပ္ပံ ပညာတစ်ရပ်(The Collection and analysis of Statistics is a Science)၊ (ခ) ငွေကြေး တောင်းခံ သတ်မှတ်ခြင်းသည် ဘဏ္ဍာရေးမူဝါဒတစ်ရပ်(The Fixing of demand is a matter of Financial Policy)၊ (ဂ) မြေခွန်တော်စည်းကြပ်မှုခွဲခြားသတ်မှတ်ခြင်းသည် အနုပညာ တစ်ရပ်(The discrimi-nation of assessment is an art)ဟု တင်စား ဖော်ညွှန်း ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၉၀၆ ခုနှစ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန စတင်ဖွဲ့စည်းစဉ်ကပင် ဌာနတာဝန်ခံ မင်းကြီး မှ မြေတိုင်း စာရေးအထိ အောက်ခြေအဆင့် (Grass-Roots Level)အထိ ကွင်းဆင်း၍ တောင်သူလယ် သမားများနှင့် ထိတွေ့ပြီး ရာသီဥတုနှင့်ကောက်ပဲသီးနှံစိုက်ပျိုးမှု၊ သဘာဝဘေး အန္တရာယ်၊ ကျွဲ၊ နွား တိရစ္ဆာန်နှင့် ထွန်ထယ်ကိရိယာ၊ လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ကုန်စျေး နှုန်း၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လမ်းပန်း ဆက်သွယ် ရေး အခြေအနေတို့ကို စုံစမ်းစစ်ဆေးပြီး ကြေးတိုင်အစီရင်ခံစာ(Settlement Report)နှင့် ခရိုင်မှတ်တမ်း (District Gazetteer)တို့ကို ရေးသား၍ နိုင်ငံတော်သို့ အစီရင်ခံကြရပါသည်။ ခရိုင်တစ်ခုသို့ အခြားတစ်နေရာမှ ဌာနဆိုင်ရာတာဝန်နှင့် ပြောင်း ရွှေ့လာသူဝန်ထမ်းသည် အဆိုပါအစီရင်ခံစာဖတ်ရှုပြီး အခြေအနေအားလုံးကို ခြုံငုံသိနိုင်စွမ်းရှိသဖြင့် အုပ်ချုပ်ရေးတွင် လွယ်ကူချောမွေ့စေသည်ဟု အဆိုရှိခဲ့ပါသည်။ သို့ဖြစ်၍ ကြေးတိုင်လုပ်ငန်းဆိုသည် မှာ မြေခွန်တော်စည်းကြပ်ရန် သတ်မှတ်မှုတစ်ခုတည်းမဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကိစ္စရပ် များကိုလည်း များစွာအထောက်အကူပြုသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။
နှောင်းခေတ်ကာလ များ၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလျင်အမြန် ဆောင်ရွက် ခဲ့ကြရာ၌ ယခုတင်ပြခဲ့ သည့် ကြေးတိုင်နှင့်မြေစာရင်းလုပ်ငန်းသည် အချိန်ကာလ တစ်ခုကို ရယူ၍ ဆောင်ရွက်ကြရခြင်းဖြစ်ရာ “လက်တွေ့နယ်ပယ်၌ ချက်ချင်း လက်ငင်း အကျိုးအမြတ် မပေါ်သည့် လုပ်ငန်းတစ်ရပ်သဖွယ် တည်ရှိမှု ကြောင့်” ယခုအခါ တိမ်မြုပ် မှေးမှိန်လျက် ရှိကြောင်းနှင့် ယနေ့ကောက်ခံနေသော မြေခွန်တော်အရပ် ရပ်သည် အဆိုပါ ကြေးတိုင် လုပ်ငန်းကြောင့်သာ ဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါကြောင်း သိရှိနိုင်ရန် ရေးသား တင်ပြ ရခြင်း ဖြစ်ပါသည်။
ကြေးတိုင်သက်တမ်းကို ယေဘုယျအားဖြင့် (၂၀)နှစ်သတ်မှတ်ထားရှိသော်လည်း သဘာဝ အခြေအနေပြောင်းလဲခြင်း၊ သီးနှံဈေးနှုန်းပြောင်းလဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပြောင်း လဲခြင်း၊ စိုက်ပျိုးမှုပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ စိုက်ပျိုးမှုကျန်ကျစရိတ် အခြေအနေပြောင်းလဲခြင်း၊ လူနေ မှုအခြေအနေပြောင်းလဲခြင်း၊ ဆည်မြောင်း တာတမံ တည်ဆောက်ပေးခြင်းကြောင့် အခြေအနေ ပြောင်း လဲခြင်း၊ အခြားစီးပွားရေးနှင့် ပတ်ဝန်းကျင် အခြေအနေပြောင်းလဲခြင်းများ ဖြစ်ပေါ်လာပါက သတ်မှတ် ကာလထက်စော၍ ပြင်ဆင် ကြေးတိုင်များ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ မြေခွန်တော်နှုန်းထား သတ်မှတ်မှုသမိုင်းကြောင်းကို လေ့လာကြည့်ရှုပါက မြန်မာ ဘုရင်များ လက်ထက်၌ မြေမှတိုက်ရိုက် ကောက်ခံသောအခွန်ကို အများအားဖြင့် သီးနှံ အထွက် (Gross Produce)၏ ၁၀ ပုံ ၁ ပုံ (သို့မဟုတ်) ကျွဲ၊ နွားအရှဉ်းလိုက် သတ်မှတ်လေ့ ရှိခဲ့ပါသည်။ ၎င်းနောက်ပိုင်း မြေခွန်တော်စည်းကြပ်သည့်စနစ် (၄)မျိုး ဖြင့်လည်းဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ (၄) မျိုးမှာ –
(က) မြေခွန်တော်ကို မြေမျိုးအတန်းအစားအလိုက် တစ်ဧကနှုန်းသတ်မှတ်ခြင်း (Soil Class Rate)၊
(ခ) တန်ဖိုးကြီးမြင့်သည့် ကွမ်း၊ ကြက်သွန်၊ ဆေးနှင့်ကြံစသည့် အထူးသီးနှံတို့ကို သီးနှံအလိုက် တွက်ချက်၍ တစ်ဧကနှုန်း မြေခွန်သတ်မှတ်ခြင်း(Special Crop Rates)၊
(ဂ) ကြေးတိုင်စိုက်ချိန်တွင် စိုက်ပျိုးလုပ်ကိုင်ပြီးသော မြေဖြစ်သော်လည်း စိုက်ပျိုးခြင်း အသား မကျ သေးသော မြေများဖြစ်ပြီးလျှင် သီးနှံအထွက်သင့်လင့်ကစား တောရှင်းမြေ ပြုပြင် စရိတ်များပြား၍ နောက်အနည်းဆုံး(၅)နှစ်အတွင်း မြေမျိုးအတန်းအစား ပုံသေ ကားကျ မခွဲနိုင်သေးသောမြေများကို နီးစပ်ရာ အနိမ့်ဆုံးမြေမျိုးအတန်းအစားများနှင့် ညှိနှိုင်း၍ သင့်လျော်သောနှုန်းထားဖြင့် တပြေးတည်းနှုန်း (Flat Rate)သတ်မှတ်စည်း ကြပ်ခြင်း၊
(ဃ) ကြေးတိုင်စိုက်သောအချိန်တွင် စိုက်ပျိုးလုပ်ကိုင်ပြီးသောမြေများရှိသော်လည်း တစ်နေ ရာနှင့်တစ်နေရာ ကွက်ကျားဝေးလွန်းစွာတည်ရှိ၍ အသွားအလာခက်ခဲမှုရှိပြီးလျှင် နှစ်စဉ် တစ်ဦးချင်း စိုက်ပျိုးလုပ်ကွက်ကို စစ်ဆေးမှတ်သား၍ စည်းကြပ်ရန်အတွက် ကုန်ကျ စရိတ်မှာ ရနိုင်မည့်အခွန်တော်ငွေနှင့် နှိုင်းစာလျှင် တွက်ကိန်းမကိုက်သောဒေသများ အတွက် ကွက်စိပ် တိုင်းတာ ပြီးသော ကွင်းများရှိပါက ကွင်းအလိုက်သော်လည်းကောင်း၊ ကွင်းဖွဲ့ မတိုင်းတာ သေးသော ဒေသများဖြစ်လျှင် ကျေးရွာအုပ်စုအလိုက် သော်လည်း ကောင်း မြေခွန်ကို တစ်လုံး တစ်ခဲတည်း စည်းကြပ်သော လုံးပေါင်းစနစ်(Lump Sum) ဖြင့် စည်းကြပ်ခြင်း တို့ဖြစ်ပါသည်။
ထို့အပြင် ၁၉၆၇ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂၅ အရ ကြေးတိုင်စိုက်ပြီးဒေသများတွင် ကြေးတိုင်မြေခွန်နှုန်းထားများဖြင့် ဆက်လက် မြေခွန် စည်းကြပ် ခြင်း နှင့် ကြေးတိုင်မစိုက်ရသေးသည့်ဒေသများတွင် စပါးကို တစ်ဧက(၁)ကျပ် ပြား(၅၀)နှင့် အခြား သီးနှံကို တစ်ဧက(၁)ကျပ်နှုန်း စည်းကြပ်ခြင်းနှင့် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် နေ့စွဲပါ အမိန့်ကြော် ငြာစာအမှတ်၊ ၉/၈၇ဖြင့် မြေခွန်ကို သီးနှံဖြင့်ပေးဆောင်စေခြင်း၊ ( ၁၉၈၇-၈၈ ခုနှစ် တစ်နှစ်အတွက် သာ ကျင့်သုံးဆောင်ရွက်ခဲ့ပြီး (၆-၉-၈၈)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁/ ၈၈ ဖြင့် ပြန်လည် ရုပ်သိမ်းပြီး ယခင်အတိုင်း ငွေကြေးဖြင့်သာ ဆက်လက် စည်းကြပ် ကောက်ခံ ခဲ့ပါသည်။ ) တို့ဖြင့် ဆောင် ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။
မြေခွန်တော်ကို အထက်ဖော်ပြပါအတိုင်း သတ်မှတ်မှုများ ဆောင်ရွက်ခဲ့ကြပြီး မြေ ခွန်တော် ကောက်ခံခြင်းလုပ်ငန်းကို ၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်မပေါ်မီက အထွေထွေ အုပ်ချုပ်မှု အဖွဲ့ အစည်းက ဒေသအလိုက် ကြီးကြပ်ကွပ်ကဲ၍ အောက်ခြေအဆင့်တွင် ၁၉၆၃ ခုနှစ် မတိုင်မီ ကျေးရွာ အုပ်စုသူကြီးနှင့် ယင်းနောက် ကျေးရွာအုပ်စုမြေယာကော်မတီက တာဝန်ယူ ဆောင်ရွက် ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် မြေခွန်တော်ကောက်ခံခြင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ဒေသ အလျောက် လွှဲပြောင်းဆောင်ရွက်ခဲ့ကြပြီး အခြေခံအဆင့် ကောက်ခံ ရေးတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပြည်သူ့ကောင်စီဝင်များက ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့က တာဝန်ယူပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်အထိ မြေခွန်အရပ်ရပ်၊ ရေခွန်နှင့် တာတမံခွန်ကောက် ခံခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က လွှဲပြောင်းတာဝန်ယူဆောင်ရွက်ပြီး အခြေခံအဆင့် ကောက်ခံရေးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခုအခါ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး အဖွဲ့)က ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်အနေဖြင့် အုပ်ချုပ်သူအစိုးရအဆက်ဆက် ပြောင်းလဲခဲ့သော်လည်း လယ်ယာ မြေ များအပေါ် စည်းကြပ်သော မြေခွွန်တော်နှုန်းထားမှာ ၁၉၅၃ ခုနှစ်မတိုင်မီ ကာလက နှုန်း ထားများဖြစ် နေကြောင်း တွေ့ရှိရပါလိမ့်မည်။ ထိုသို့ မြေခွန်တော်နှုန်းထား မပြောင်းလဲ ခဲ့ သော်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက် ၂၀၀၃- ၂၀၀၄ ခုနှစ်ခန့်အထိ အစိုးရ အဆက်ဆက် နိုင်ငံတော်၌ ဆောင်ရွက်ခဲ့သော လုပ်ငန်းတစ်ရပ်မှာ လယ်ယာမြေအပေါ်၌ စိုက်ပျိုး ထုတ် လုပ်သော စပါးစိုက်ဧကအပေါ်မူတည်၍ သတ်မှတ် ကောက်ခံ ဝယ်ယူသော စပါး၊ တစ်နည်း အားဖြင့် တာဝန်ကျေစပါး ရောင်းချပေးရမှုစနစ် ကျင့်သုံးခဲ့သည်ကိုတွေ့ရပါသည်။ တာဝန်ကျေ စပါး သတ်မှတ် ဝယ်ယူသည့်စျေးနှုန်းသည် ပြင်ပပေါက်စျေးနှင့် များစွာကွာခြားမှုရှိသည့်အတွက် အဆိုပါကွာခြားမှုသည် တစ်နည်းအားဖြင့် မြေခွန်တော်အား “သွယ်ဝိုက်အခွန်” အဖြစ် စည်းကြပ် ကောက်ခံသော ရည်ရွယ် ချက်ကြောင့်သာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)၊ ပြည်ထောင်စုဥပဒေပြုစာရင်း ပုဒ်မ ၅၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ ပုဒ်မခွဲ (ဂ) ၌ “ကြေးတိုင်နှင့်မြေစာရင်း” ဟု ပြဋ္ဌာန်း ထား သည့်အ တွက် ပြည်ထောင်စုလွှတ်တော်က ကြေးတိုင်သတ်မှတ်ခြင်း၊ မြေစာရင်း သတ်မှတ် စီမံခြင်း နှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ယင်းကဲ့သို့ သတ်မှတ်ခြင်း တွင် မြေယာခွန်ကိုပါ တစ်ပါ တည်းသတ်မှတ်ရန်ဖြစ်ကြောင်း ဆိုနိုင်မည်မဟုတ်ဟု သဘော ရရှိ ပါသည်။ ဇယား(၂) ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၏ အပိုဒ်ခွဲ(ဂ)တွင် “မြေယာခွန်” ဟု ဖော်ပြ ထား သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှ မြေယာခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ပြီး ဇယား(၅)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန် အခများတွင်လည်း “မြေယာခွန်” ပါဝင်သဖြင့် သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ပြဋ္ဌာန်းသော မြေယာခွန် ဥပဒေ အရ သတ်မှတ်သည့်မြေယာခွန်များကို ကောက်ခံ နိုင်မည်ဖြစ်ပါသည်။ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ)တွင် “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေ နှင့် စပ်လျဉ်း၍ တည်ဆဲ ဥပဒေတစ်ရပ် ရပ်အရ စည်းကြပ် သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင် ရမည်” ဟု ပြဋ္ဌာန်းထားရာ “တည်ဆဲ ဥပဒေ တစ်ရပ်ရပ်” ဆိုသည့်စကားရပ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် က ပြဋ္ဌာန်း သည့်မြေယာခွန်ဥပဒေလည်း အကျုံးဝင်သဖြင့် ပြည်ထောင်စု/ နေပြည်တော်ကောင်စီ/ တိုင်း ဒေသကြီး/ ပြည်နယ်/ ဌာန ဆိုင်ရာများ စုပေါင်း ညှိနှိုင်း ဆောင်ရွက် ရမည့် ကိစ္စရပ်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဋ္ဌာန်းစဉ်က လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်း အင်းဦးစီးဌာန၏အမည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဖြစ်သဖြင့် ထိုစဉ်က ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့၏အောက်၌ တိုက်ရိုက်သဖွယ် ထားရှိသည့်သဘော ဟု ယူဆခဲ့သူများလည်းရှိကြပါသည်။ ကြေးတိုင်နှင့် မြေစာရင်း၏ အဓိပ္ပာယ်နှင့် သဘောသဘာဝများ ကို အမှန်သိရှိနားလည်ရန် လိုအပ်မည်ဖြစ်ပါသည်။
မြေယာများပေါ်တွင် အခွန်စည်းကြပ်ခြင်းနှင့်ပတ်သက်၍ အကြမ်းအားဖြင့် မြေအပေါ် စည်း ကြပ်သည့်အခွန်(Tax on Land)၊ မြေငှားခ(Rent)၊ မြေခွန်တော်(Land Revenue)ဟူ၍ (၃)မျိုးခွဲခြားထား ကြောင်း တွေ့ရှိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိ လယ်ယာမြေများအပေါ် စည်းကြပ်ကောက်ခံရာတွင် မြေခွန်တော်(Land Revenue)စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်ပါသည်။ နိုင်ငံတော်မှ လယ်ယာမြေများအား ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျှက် ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)သည် လယ်ယာမြေများအပေါ်တွင် တင်းပြည့် ကျပ်ပြည့် ပိုင်ဆိုင်ခွင့် (Proprietorship)ပေးထားခြင်း မျိုးမဟုတ်ဘဲ မြေလက်ဝယ်ထားရှိခွင့်(Land Holder’s Right)သာဖြစ်သဖြင့် သာမန် လယ်သမား တစ်ဦး သာမန်လယ်ယာမြေတစ်ခုအပေါ်တွင် သာမန်ကြိုးပမ်းလုပ်ကိုင်မှုကြောင့် ရရှိ လာနိုင် သည့် အသားတင်အကျိုးအမြတ်အပေါ် မူတည်၍ စည်းကြပ် ကောက်ခံ ဆောင်ရွက် နေသည့် မြေခွန်တော်သာဖြစ်ပါသည်။
နိုင်ငံတကာ၌ ကျင့်သုံးနေသော မြေခွန်တော်စည်းကြပ်မှုစနစ် (System of Land Taxation) အနေဖြင့် အခြေခံအားဖြင့် (၄)မျိုးရှိသည်ကို တွေ့ရပါသည်။ ယင်းတို့မှာ-
(က) မြေဧရိယာအပေါ် အခြေခံသည့်အခွန်များ (Taxes Based on Land Area)။
အခွန်ပေးဆောင်နေသော တောင်သူလယ်သမား၏ မြေဧရိယာအကျယ်အဝန်းအပေါ် ညီညွတ်မျှတသော တစ်ဧကနှုန်းထား (Uniform Rate)နှင့်မြေကို အမျိုးအစားအလိုက် ခွဲခြားထားသောနှုန်းထား (Classified Rate)တို့အပေါ် အခြေခံစည်းကြပ်ပါသည်။
(ခ) ငှားရမ်းခအပေါ် အခြေခံသည့်အခွန်များ (Taxes Based on Rental Value)။
နှစ်စဉ် ငှားရမ်းခအပေါ်မှ နှုန်းထားများ(Annual Rental Value)နှင့် ငွေလုံးငွေရင်းငှား ရမ်းခအပေါ်မှနှုန်းထား(Capital Value)တို့အပေါ် အခြေခံစည်းကြပ်သည်။
(ဂ) ဝင်ငွေအပေါ်တွင် အခြေခံသည့်အခွန်များ (Taxes Based on Income Concept)။ ဝင်ငွေ၏ ဆယ်ပုံပေါ်မှနှုန်းထား(Tithe)စုစုအထွက်(သို့) စုစုဝင်ငွေပေါ်မှနှုန်းထား (Gross yield or Gross Income)။ အသား တင်ဝင်ငွေအပေါ်မှနှုန်းထား (Net Income or Net Produce Value)နှင့်ရောင်းပြီး ထုတ်လုပ်မှုအပေါ်မှနှုန်းထား (Marketed Pro-duce)တို့အပေါ် အခြေခံစည်းကြပ်သည်။
(ဃ) အထူးကိစ္စအခွန်များ (Special purpose Taxes)။
တန်ဘိုးမြင့်တက်လာမှုအပေါ်မှ အခွန်များ(Taxes on Incremental Value)၊ ဒဏ်ကြေး (သို့) ချီးမြှင့်ကြေးအခွန်များ (Penatly or Incentive Taxes)နှင့် သဘာဝထုတ်ကုန်များ အပေါ်မှ အထူးခွန်များ (Special Taxes on certain Natural Resources)တို့အပေါ် အခြေခံ စည်းကြပ် သည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသောစနစ်များလည်း အထက်ဖော် ပြပါ စနစ်(၄)မျိုး နှင့် အကျုံးဝင်ပါသည်။
နိုင်ငံတော်၌ လက်ရှိကောက်ခံနေသော စနစ်မှာ “ဝင်ငွေအပေါ်တွင် အခြေခံ သည့် အခွန်များ” (Taxes Based on Income Concept)ဖြစ်ပြီး အဆိုပါ မြေခွန်တော်စနစ်(Land Revive System)တွင် မြေခွန်တော်နှုန်းထားများသတ်မှတ်ခြင်း(Fixation of Land Revenue rates)၊ နှစ်စဉ်မြေခွန်စည်း ကြပ်ခြင်း (Annual Assessment of Land Revenue)၊ မြေခွန်တော်ကောက်ခံခြင်း(Collection of Land Revenue)ဟူ၍ အပိုင်း (၃)ပိုင်း ရှိပြီး ပထမပိုင်းဖြစ်သည့် မြေခွန်တော်နှုန်းထားသတ်မှတ်ခြင်းတွင် လက်ရှိ နိုင်ငံတော်၏ သတ်မှတ်မှု နည်းစနစ်အရ ကြေးတိုင်လုပ်ငန်းသည် အဓိကအခြေခံအကျဆုံးသော လုပ်ငန်း ရပ်ဖြစ်ပါသည်။
အဆိုပါမြေခွန်တော်စည်းကြပ်နိုင်ရန်အလို့ငှာမြေခွန်နှုန်းထားများ သတ်မှတ် ဆောင်ရွက် နိုင်ရေး အတွက် ကြေးတိုင်စိုက်ခြင်း(Settlement)လုပ်ငန်းကို ဦးစွာဆောင်ရွက်ရပါသည်။ မြေယာတစ်ခုအား မြေခွန်နှုန်းထားသတ်မှတ်ရန်အတွက် ဆောင်ရွက်ရသည့် ကြေးတိုင်လုပ်ငန်း အဆင့်ဆင့်မှာ (၁၂)ဆင့် ရှိပါသည်။ အဆိုပါ(၁၂)ဆင့်မှာ – အခွန်ရပ်ကွက်ခွဲခြားခြင်း၊ မြေမျိုးကြီး နှင့် မြေမျိုးအတန်းအစားခွဲခြား ခြင်း၊ သီးနှံအထွက်နှုန်းမေးမြန်းစုံစမ်းခြင်း၊ စံကွက်ရိတ်သိမ်း၍ သီးနှံအထွက် နှုန်းများစိစစ်ခြင်း၊ သီးနှံ လက်ကားစျေးနှုန်းများစုံစမ်းစာရင်းပြုစုခြင်း၊ သီးနှံ စိုက်ပျိုးမှု တစ်ဧကကုန်ကျ စရိတ်ကို စုံစမ်းစစ်ဆေး စာရင်းပြုစုခြင်း၊ ရေ မြေ သဘာဝ အနေ အထား နှင့် မြေဆီဩဇာအခြေအနေများကို လေ့လာစိစစ်ခြင်း၊ သီးနှံ စိုက်ပျိုးမှု တိုးတက် ခြင်း၊ ဆုတ်ယုတ်ခြင်းအခြေအနေများကို လေ့လာစာရင်းပြုစုခြင်း၊ သီးနှံဓမ္မတာ အထွက် နှုန်းများ သတ်မှတ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်စုံစမ်းစစ်ဆေးခြင်းနှင့် တောင်သူလယ်သမားများ၏ စီးပွားရေး စစ်တမ်းကောက်ယူပြုစုခြင်း၊ ကြေးတိုင်အစီရင်ခံစာပြုစုခြင်းတို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကြေးတိုင် သွန်သင်ချက် အပိုဒ်-၂၇၆ အရ ကြေးတိုင်ဝန်(ကြေးတိုင်ဦးစီးမှူး)က စည်းကြပ်သင့်သည့် တန်ဘိုးကို သတ်မှတ် နိုင်ပါရန် အစီရင်ခံစာ အဆိုပြုတင်ပြခြင်း၊ ကြေးတိုင်သွန်သင်ချက် အပိုဒ်-၂၇၇၊ ၂၇၈ အရ အဆိုပြု နှုန်းထားများ ကို ကြေးတိုင်နှင့်မြေစာရင်းမင်းကြီး (ညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေ စီမံ ခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန)၊ တိုင်းမင်းကြီး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန)၊ သက်ဆိုင်ရာခရိုင်ဝန် (ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှူး)၊ ကြေးတိုင်ဝန် တို့ပါဝင်သောအဖွဲ့က စိစစ်ပြီးနောက် တိုင်းမင်းကြီး (ဒုတိယ ညွှန် ကြား ရေး မှူးချုပ်၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ဦးဆောင်ပြီး တောင်သူ လယ်သမား ကိုယ်စားလှယ်၊ လိုအပ်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုယ်စားလှယ် များ ပါဝင်သည့်အဖွဲ့ဖြင့် မြေခွန် နှုန်းထား အဆိုပြုတင်ပြသတ်မှတ်ခြင်း အစည်းအဝေး (Settlement Conference) ဆောင်ရွက်ပြီး မြေခွန်နှုန်းသတ်မှတ်ရန် လေ့လာသုံးသပ်စိစစ်ခြင်း၊ ကြေးတိုင် သွန်သင် ချက် အပိုဒ်-၂၈၀ အရ ဘဏ္ဍာတော်မင်းကြီး(ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန) မှ ဆက်လက် စိစစ်ခြင်းနှင့် နိုင်ငံတော်အစိုးရထံတင်ပြခြင်း၊ ကြေးတိုင် သွန်သင်ချက် အပိုဒ်-၂၈၁ မှ ၂၈၄ အရ နိုင်ငံတော်အစိုးရ မြေခွန်နှုန်းထားသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရပါမည်။
အထက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ချိန်နှင့်တစ်ပြိုင်တည်း ကြေးတိုင် မြေပုံ ကို လည်း ထူထောင်ရပါသည်။ ကြေးတိုင်မြေပုံဆိုသည်မှာ မြေခွန်စည်းကြပ်ခြင်းအတွက် အခြေခံ မြေပုံ ဖြစ်ပါသည်။ ကြေးတိုင်လုပ်ငန်းဆောင်ရွက်ပြီးနောက် ကြေးတိုင်ဌာနခွဲမှ မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ်-၁၁၇၀ အရ အောက်ပါအချက်အလက်များ ဖော်ပြပါရှိသည့် ကြေးတိုင် ကွင်းမြေပုံများ ကို ပြုစုရပါသည်-
(က) မြေကွက်များကို ဦးပိုင်အလိုက် ဖော်ပြထားသည့်ဦးပိုင်များ၊
(ခ) စိုက်ပျိုးလုပ်ကိုင်သည့် မြေများကို စိုက်ပျိုးမှုနှင့် မြေအတန်းအစားအလိုက် ခွဲခြားခြင်း၊
(ဂ) အစိုးရဆည်ရေသောက်ဖြစ်ခဲ့ပါလျှင် ရေသောက်ရာရပ်ကွက်နှင့် သက်ဆိုင်ရာ ဆည်ရေ ပေးသည့် ဆည်မြောင်း၊
(ဃ) ကြေးတိုင်ဌာနခွဲမှ အသိအမှတ်ပြုပြီးသော စိုက်ပျိုးလုပ်ကိုင်သည့် မြေမျိုးကြီးများကို မြေစာရင်းလက်စွဲဥပဒေအပိုဒ်-၁၁၇၆ အရ RG = အစိုးရဆည်ရေသောက် လယ်မြေနှင့် M (သို့) R=မိုးကောင်း လယ်မြေ စသည်ဖြင့် ခွဲခြားသတ်မှတ်ရပါသည်။
မြေစာရင်းလက်စွဲဥပဒေ အပိုဒ်-၁၁၇၇ အရ မည်သည့် မြေမျိုးကြီးကိုမဆို မြေခွန်စည်းကြပ်ရန် အတန်းအစားများအဖြစ် ကြေးတိုင်အဖွဲ့က ခွဲခြားရန်ဖြစ်ပြီး ယင်းအတန်းအစားကို မြေမျိုး အတန်းအစား ဟူ၍လည်း ခေါ်ဆိုပါသည်။
နိုင်ငံတော်အနေဖြင့် ထိုကဲ့သို့ အထက်ဖော်ပြပါအတိုင်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသော မြေမျိုးနှင့်အတန်းအစားအလိုက် မြေခွန်တော်စည်းကြပ်ကောက်ခံခြင်းကို ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ မြေခွန်တော် ကောက်ခံခြင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်တို့မှ အောက်ဖော်ပြ ပါအချက်များနှင့် ပြည့်စုံရန်လိုအပ်ကြောင်း ဖော်ညွှန်းလေ့ရှိပါသည်-
(က) တရားမျှတမှုရှိခြင်း။ ပြည်သူများ ပေါ့ပါးစွာပေးဆောင်နိုင်မည့် သင့်တင့်မျှတမှုရှိခြင်း၊ (Fair and Equitable)
(ခ) သေချာတိကျမှုရှိခြင်း။ မြေကိုအခြေခံ၍ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ပုံသေတွက်ချက် တောင်းခံထားခြင်း၊ (Fixed Demand)
(ဂ) အဆင်ပြေလွယ်ကူခြင်း။ နှစ်ကာလ သတ်မှတ်ချက်အတွင်း နှုန်းထားပြင်ဆင်ခြင်း မရှိ သဖြင့် အခွန်ထမ်းဆောင်သူတို့က သံသယမဖြစ်ဘဲ လွွယ်ကူစွာပေးဆောင်နိုင်ခြင်း၊
(ဃ) စီးပွားရေးတွက်ခြေကိုက်ခြင်း။ မြေခွန်ကောက်ခံရာတွင် ကုန်စရိတ်သည် ရငွေနှင့် နှိုင်း ယှဉ်ပါက နည်းပါးသည့်အပြင် အခွန်မပြေကျန်ရှိမှုလည်း နည်းပါးခြင်း၊
ကိုလိုနီခေတ်က ကြေးတိုင်လုပ်ငန်းဆောင်ရွက်ပြီးနောက် နိုင်ငံအတွင်း နယ်မြေ ဒေသ အသီးသီး တွင် အောက်ဖော်ပြပါအချက်များကို လိမ်မာပါးနပ်စွာစဉ်းစားပြီးမှ မြေခွန်တော် နှုန်းထား ကို သတ်မှတ် ခဲ့ကြောင်း လေ့လာတွေ့ရှိ ပါသည်-
(က) သူပုန်ထသောဒေသတွင် အခွန်တော်ကို ခပ်ပြင်းပြင်းစည်းကြပ်ခြင်း၊
(ခ) ငတ်မွတ်ခေါင်းပါးသောဒေသတွင် သူပုန်ထခြင်းမှကာကွယ်ရန် အခွန်တော်ကို လျှော့ပေါ့ စည်းကြပ်ခြင်း၊
(ဂ) ဖွံ့ဖြိုးသော မြေနုကျွန်းကဲ့သို့သော ဒေသတွင် အခွန်တော်ကို တိုး၍ စည်းကြပ် ခြင်း၊
အထက်တွင် ဖော်ပြခဲ့သည့်အချက်များနှင့်အညီ စဉ်းစားသုံးသပ်၍ မြေခွန်တော်နှုန်းထား သတ် မှတ်ရာတွင် ပုံသေကားချ နည်းလမ်းသက်သက်ကို အသုံးမပြုဘဲ နိုင်ငံရေးအခြေအနေ (Political Conception)၊ ကိန်းဂဏန်း တွက်ချက်မှုအချိုးအစား (Mathematical Conception)၊ စီးပွားရေးအရ ပေးစွမ်းနိုင်မှု (Economical Conception) စသည့် သဘော တရား များ ကိုပါ ထည့်သွင်းစဉ်းစားရန်ဖြစ် ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြေခွန်တော် ဆို သည်မှာ ကမ္ဘာမြေပြင်ပေါ်တွင် ရပ်တည်ရှင်သန်နေ ကြရသော လူသားအားလုံးနှင့် တိုက်ရိုက် သက်ဆိုင်နေသည့်ကိစ္စဖြစ်ပါ၍ တစ်စုံတစ်ခု ချွတ်ချော်လွဲ မှားမှုဖြစ်ပေါ်ခဲ့ပါက ဖြစ်ပေါ် လာနိုင် သည့် တန်ပြန်သက်ရောက်မှုလှိုင်းဂယက်သည် လွန်စွာကြီးမားနိုင် သည့်အတွက် သတိမူ ထားရှိရန် အထူးလိုအပ်ပါသည်။
မြေခွန်တော်နှုန်းထားသတ်မှတ်မှုနှင့် ကောက်ခံခြင်းကိစ္စကို အချုပ်အားဖြင့် တင်ပြ ရပါလျှင် ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ စေ့ငအောင် လေ့လာ ဆောင်ရွက် ကြရန် အထူး လိုအပ် ပါသည်။ ဌာနအဖွဲ့ အစည်းတစ်ခုမှ ဂဏန်းသင်္ချာနည်းဖြင့် တွက်ချက်သုံးသပ်တင်ပြမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများမှ တွက်ချက်မှုသဘောတရားဖြင့်သာ အတည်ပြု၍ မရစကောင်းသော လုပ်ငန်းဖြစ်သည်ကို ဤဆောင်း ပါးပါအချက်များအရ လေ့လာတွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ယခုနိုင်ငံတော်က ရေးဆွဲပြဋ္ဌာန်းရန်စီမံချက်ချ ဆောင်ရွက်နေသည့် အမျိုးသား မြေဥပဒေ တွင် လည်း ကြေးတိုင်နှင့်မြေစာရင်းလုပ်ငန်းသည် ခေါင်းစဉ် တစ်ခုအနေဖြင့် ပါဝင်ခွင့် ရရှိ ထားပြီး ဖြစ် ပါ သည်။ သို့ဖြစ်၍ နိုင်ငံတော်အတွင်း ပြင်ဆင်ရန်လိုအပ်ချက်ရှိ နေသည့် မြေခွန်တော် နှုန်းထား ကိစ္စ အတွက် ကြေးတိုင်လုပ်ငန်းသည် တဖန်ပြန်လည်၍ နှိုးထလာမည် မှာ ဧကန် ဖြစ်ပါသဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန)အနေဖြင့် ကြေးတိုင်ဘာသာရပ်လုပ်ငန်းဆိုင်ရာကိစ္စများ အသင့်ပြင်ဆင်ထားရန်နှင့် လေ့လာ သိရှိ ထားရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားအပ်ပါသည်။
{ ၁၅-၁၀-၂၀၂၀ ရက်နေ့တွင် ကျရောက်မည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(ကြေး တိုင်နှင့်မြေစာရင်းဦးစီးဌာန)၏ (၁၁၄)နှစ်မြောက်နေ့အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။ }
ဆောင်းပါးရှင် – ကိုကိုဦး