သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဂျုံနှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်း နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဂျုံ နှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက Virtual meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ မကွေး ၊ စစ်ကိုင်း ၊ မန္တလေး တိုင်းဒေသကြီးများ နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ ၊ သုတေသနခြံတာဝန်ခံများ ၊ ပုဂ္ဂလိက အကျိုးဆောင်တောင်သူများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေး ပြောကြားရာ၌ သုတေသနတွေ့ရှိချက်များ က တဆင့် အသုံးချနည်းပညာအဖြစ် ဆောင်ရွက်ရာတွင် တောင်သူများ၏ လက်တွေ့မြေပြင် အခက်အခဲများနှင့် ကွာဟချက် ကျဉ်းနိုင်သမျှ ကျဉ်း‌အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အရည် အသွေး ကောင်း ဂျုံ နှင့် ကုလားပဲ မျိုးများ ဖူလုံစွာသုံးစွဲနိုင်ရေး၊ သက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော မျိုးသန့်များ ထုတ်လုပ်နိုင်ရေး အတွက် မိမိတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြရန် နှင့် တောင်သူများ ၏ လိုအပ်ချက် ၊ စျေးကွက်လိုအပ်ချက် ၊ ကြုံတွေ့ နိုင်သည့် ပြဿနာ အခက်အခဲများ ကို မျက်ခြေမပြတ် စောင့်ကြည့် ဖြည့်ဆည်း ပေးကြစေလိုကြောင်း ၊ ဂျုံ ကုလားပဲ သီးနှံများအပြင် သီးနှံအမယ်သစ်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် မျိုးသစ်များ သုတေသနပြုထုတ်လုပ်ခြင်း၊ သီးနှံပုံစံသစ်များ စမ်းသပ်သုတေသနပြု လုပ်ခြင်း လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးပြောကြားသည်။


ဂျုံ နှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်း အစည်းအဝေးကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန က ဆောင်ရွက်သည့် သုတေသနရလဒ်များ ကို ဒေသအသီးသီးရှိ သုတေသနခြံများ၊ စမ်းသပ်ကွက်များ၊ စံပြကွက်များတွင် လက်တွေ့ ဆောင်ရွက်ပြီး တောင်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် နည်းပညာများ အဖြစ် ဖြန့်ဝေပေးရေးလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး က မြန်မာနိုင်ငံတွင် ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ပြောင်းလဲလာသော ရာသီဥတု အခြေအနေများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဂျုံနှင့် ကုလားပဲ စိုက်ပျိုး နိုင်သည့် ဧရိယာလျှော့နည်း လာသော်လည်း တစ်ဖက်တွင် ရှမ်းပြည်နယ်အနေဖြင့် ဂျုံစိုက်ပျိုးနိုင် သည့် အလားအလာများ ရှိပါကြောင်း၊ စိုက်ပျိုးရေးသုတေသနပညာရှင်များအနေဖြင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသည့် ဂျုံ နှင့် ပဲမျိုးစုံသီးနှံ မျိုးကောင်း၊ မျိုးသန့်များအား သုတေသနပြု ရှာဖွေ ဖော်ထုတ် လျက်ရှိ ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဂျုံနှင့် ကုလားပဲ သီးနှံနှစ်ပတ်လည် အစည်းအဝေး ကို တက်ရောက် နေကြသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် တို့မှ သက်ဆိုင်ရာ တိုင်းဦးစီးမှူးများ၊ မြို့နယ် ဦးစီးမှူးများ နှင့် သုတေသနခြံ တာဝန်ခံများ ကလည်း ဒေသအလိုက် တောင်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများအား ပွင့်ပွင့် လင်းလင်း ဆွေးနွေးညှိနှိုင်း ပေးပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက် ပြောင်းနှင့် အခြားနှံစားသီးနှံ သုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာအောင်မိုးမျိုးတင့် က ဂျုံသီးနှံသုတေသန စီမံချက်များ ဆောင်ရွက်မည့် အစီအစဉ်များ အား လည်းကောင်း၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနအရာရှိ ဒေါက်တာမာမာဝင်းက ကုလားပဲသီးနှံ သုတေသနစီမံချက်များ ဆောင်ရွက်မည့် အစီအစဉ်များ အားလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်နှင့် တိုင်း ဦးစီးမှူးများ၊ မြို့နယ် ဦးစီးမှူးများ က ဂျုံသီးနှံ နှင့် ကုလားပဲသီးနှံ သုတေသနများ၊ သရုပ်ပြကွက်များ ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ ကြသည်။


ပြည်တွင်း စားသုံးမှုလိုအပ်ချက်အရ ဂျုံသီးနှံ ကို နှစ်စဉ် ပြည်ပမှ တင်သွင်း ရလျက် ရှိရာ နိုင်ငံခြားအသုံးစရိတ် လျော့ချနိုင်ရေး နှင့် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး အတွက် အရည်အသွေးကောင်း ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ ရေငတ်ဒဏ်ခံနိုင်သော အပူဒဏ် ခံနိုင်သော အရည်အသွေးကောင်းသော မျိုးစေ့များ သုံးစွဲနိုင်ရေး၊ တောင်သူများ နှင့် ပူးပေါင်း ဆောင်ရွက်သည့် ဝန်းကျင်ကောင်းအဖြစ် ဖန်တီးဖော်ဆောင်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ယနေ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။