သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဇီဝလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက် ထုတ်ပြန်နိုင်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး Virtual Workshop စနစ်ဖြင့် ကျင်းပ 

ဇီဝလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်ထုတ်ပြန်နိုင်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို စက်တင်ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက Virtual Workshop စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေ‌လင်း ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမော် နှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများ က အွန်လိုင်းမှ တက်ရောက်ဆွေးနွေး ခဲ့ကြ သည်။ဇီဝလုံခြုံမှုဆိုင်ရာလမ်းညွှန်ချက်များ ကို သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဗီဇပြုပြင်ဇီဝရုပ် နှင့် ၄င်းတို့၏ ထုတ်ကုန်များကို ကိုင်တွယ်ရာတွင် လည်းကောင်း၊ သယ်ဆောင်ရာတွင်လည်းကောင်း ဘေးကင်းလုံခြုံမှုရှိစေရန်၊ အစိုးရ ၏ ပံ့ပိုးကူညီမှုဖြင့် ဗီဇပြုပြင်ဇီဝရုပ်များနှင့် ဆက်နွယ် နေသည့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၊ ဗီဇပြုပြင်ဇီဝရုပ်နှင့် ၄င်းတို့၏ ထုတ်ကုန်များကို သုတေသနပြုလုပ်ရန်၊ အကဲဖြတ် စစ်ဆေးခြင်း နှင့် အဆုံးအဖြတ် ပေးခြင်း လုပ်ငန်းစဉ်တို့ ပါဝင်သည့် ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ၊ အိန္ဒိယ၊ ဖိလစ်ပိုင် နိုင်ငံများ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း က လက်ရှိထုတ်ပြန်ထားသော လမ်းညွှန် ချက်များ အပေါ် အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် နေ့တွင် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း (United Nations Convention on Biological Diversity)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်း ၏ နောက်ဆက်တွဲစာချုပ်ဖြစ် သည့် ကာတာဂျီးနား နောက်ဆက်တွဲစာချုပ်Cartagena Protocol on Biosafety ကို ၂၀၀၁ ခုနှစ်၊ မေလ(၁၁)ရက်နေ့၌ ပါဝင် လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါစာချုပ်အရ အဖွဲ့ဝင်  နိုင်ငံများသည် မိမိတို့နိုင်ငံများနှင့်သင့်လျော်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(GEF)တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ်၊ ဇွန်လတွင် စတင်ရေးဆွဲ ခဲ့ရာ ၂၀၀၆ ခုနှစ်၌ အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင် { National Biosafety Framework (English Version) } ကို UNEP သို့ တင်ပြနိုင်ခဲ့သည်။ တစ်ဆက်တည်းတွင် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာမူဘောင် နှင့် မူဝါဒ(မူကြမ်း)ကို ဆက်စပ် ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များနှင့်အညီ အကြိမ်ကြိမ် ပြင်ဆင်ဖြည့်စွက်၍ တတိယမူကြမ်း အထိ ဆောင်ရွက် နိုင်ခဲ့ပြီး ခေတ်ကာလနှင့်အညီ ထုတ်ပြန်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ အတွင်း ဆွေးနွေးပွဲ စုစုပေါင်း (၅)ကြိမ် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲများမှ ရရှိလာသော အကြံပြုချက်များ နှင့် ဆက်စပ်ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအရ အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင်နှင့် မူဝါဒ (အပြီးသတ် မူကြမ်း) အား အချောသတ်ပြင်ဆင်ပြီးဖြစ်၍ အတည်ပြု ထုတ်ပြန်နိုင်ရေး အတွက်  ဝန်ကြီးဌာနအတွင်း လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့်အတူ လမ်းညွန်ချက်အား တပါးတည်း ရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ဆက်စပ်ပတ်သက်လျက်ရှိသော ပညာရှင်များ အား ဖိတ်ကြား၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရရှိလာသော ဆွေးနွေးချက်များနှင့် သဘောထား အကြံပြု ချက်များအရ လမ်းညွှန်ချက် (မူကြမ်း)အား အပြီးသတ်ပြင်ဆင်၍ မူဘောင်နှင့်အတူ တစ်ပါးတည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။