ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပဲခူးတိုင်းဒေသကြီး၌ တိရစ္ဆာန်ရောဂါ ထိန်းသိမ်း စောင့်ကြည့် စစ်ဆေးရေး စခန်း Animal Quarantine Station (AQS) တည်ဆောက် ဖွင့်လှစ်နိုင်ရေးကြိုးပမ်း

ပဲခူးတိုင်းဒေသကြီး ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ဖေဖော်ဝါရီလ (၁)ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ အရည်အသွေးပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံရေး နှင့် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှုဖွံ့ဖြိုးလာရေး ၊ တိရစ္ဆာန်ရောဂါထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေး စခန်း (Animal Quarantine Station (AQS)) တည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပဲခူးမြို့ မဇင်းချောင်း ပေါ်တွင် တည်ဆောက်ထားရှိသည့် မဇင်းရေလှောင်တမံ သို့ ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု ၊ လက်ရှိရေသိုလှောင်ထားရှိမှုနှင့် ဒေသအတွက် သောက်သုံးရေ စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးသည်။အလားတူ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီချောင်းပေါ်တွင် တည်ဆောက် ထားသည့် ဘောနီရေလှောင်တမံ ၏ ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဆည်ရေသောက်စနစ် ရှိ တူးမြောင်းမကြီး နှင့် လက်တန်မြောင်းများ တူးမြောင်းအဆောက်အအုံများ ပြုပြင် ပြီးစီးမှု နှင့် စိုက်ပျိုးရေ ပေးဝေနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က စိုက်ပျိုးရေပေးဝေနိုင်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး၊ ဒေသရေမြေနှင့်ကိုက်ညီပြီး တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့်  သီးနှံပုံစံများ ချမှတ်ပေးနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီချောင်းပေါ်တွင် တမံအလျား (၈၁၅)ပေ၊ အမြင့် (၈၅)ပေရှိ မြေသားတမံအမျိုးအစားဖြစ်သည့် ဘောနီရေလှောင်တမံသည် ကန်ရေပြည့် ရေလှောင်ပမာဏ (၃၅၂၀၀)ဧကပေ သိုလှောင်နိုင်ပြီး စီမံကိန်းဧရိယာအတွင်းရှိ စိစစ်ပြီး နွေစပါး၊ မိုးစပါးစိုက်ဧရိယာ (၅၄၀၀)ဧက ကို စိုက်ပျိုးရေအပြည့်အဝ ပေးလျက်ရှိသည့်အပြင် ရန်ကုန်-မန္တလေးလမ်းဟောင်း အောက်ဘက်ရှိ ရေကျနောက်စိုက် စပါးဧက(၄၀၀၀)ကိုလည်း အကျိုးပြု လျက်ရှိကြောင်းသိရသည်။ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင် ကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာ ခပေါင်း ဆည်ရေသောက် စနစ်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေတွင် စိုက်ပျိုးထားသည့် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း (၂၀၆)ဧက ကို ကြည့်ရှု အားပေးပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ တွဲဘက်လုပ်ကိုင်နိုင်ရေး နှင့် တန်းဖိုးမြင့် သီးထပ်သီးနှံများ စိုက်ပျိုး လုပ်ကိုင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။