နယ်သတင်းများ သတင်းကဏ္ဍ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၌ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ရန်ပုံငွေထောက်ပံ့ပေးအပ်  

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဒီမောဆိုမြို့နယ် ၊ ပူဖားကျေးရွာ ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို  စက်တင်ဘာလ(၂၀)ရက်နေ့က ဒီမောဆို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူး ဦးယဉ်ထွန်း၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော် ၊ မြို့နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကယားပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးယဉ်ထွန်း က ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒီမောဆိုမြို့နယ်ဦးစီးမှူး ဦးစိုးပိုင် က စီမံကိန်း ရန်ပုံငွေကျပ် (၂၆၃.၄)သိန်း ကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီ ဥက္ကဌ က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလားတူ  စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ် ဒေါတဟေးကျေးရွာ ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာ အတွက် ရန်ပုံငွေ (၂၆၃.၄)သိန်း ကို လွိုင်ကော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန့်ဇင်ကျော် က ကျေးရွာကော်မတီ သို့ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီ ဥက္ကဌ နှင့်ကော်မတီဝင်များက လက်ခံရယူခဲ့ကြ သည်။

၂၀၁၅ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ကိုရီးယားသမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းသည် ကျေးရွာပေါင်း(၁၁၀)ရွာ၌ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးဖြစ်သော်လည်း၊ ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စုပေါင်းဆောင်ရွက်ခြင်း စသည့် ကျေးရွာသစ်စိတ်ဓါတ်များကိုအခြေခံသော စိတ်ပိုင်း ရုပ်ပိုင်းပိုမိုဖွံ့ဖြိုးသည့် ကျေးရွာများတိုးပွားလာရေးအတွက် ကျေးရွာသစ်လှုပ်ရှားမှုစံပြ ကျေးရွာများထူထောင်ခြင်းလုပ်ငန်း ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခုစီမံကိန်းအတွက်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန နှင့် ကိုရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center – CCC)တို့ ပူးပေါင်းဆောင်ရွက် သည့် စွမ်းအားမြင့် မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။