သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးရွာသစ်လှုပ်ရှားမှု အွန်လိုင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၀)ဖွင့်လှစ်

ကျေးရွာသစ်လှုပ်ရှားမှု အွန်လိုင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၈)ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမတွင် အခြေပြုကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းတာဝန်ရှိသူများ တက်ရောက်ကြပြီး ကချင် ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ မကွေးတိုင်းဒေသကြီးတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် စီမံကိန်းကျေးရွာ(၁၁)ရွာမှ ကျေးရွာခေါင်းဆောင်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် Myanmar SMU စီမံကိန်းဒါရိုက်တာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကိုက Virtual Conference စနစ်ဖြင့် အမှာစကား ပြောကြားရာတွင် ကျေးရွာခေါင်းဆောင်များ အနေဖြင့် SMU စိတ်ဓါတ် အခြေခံပြီး စွမ်းဆောင်ရည်မြင့်မားရေး၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး၊ ဝင်ငွေ တိုးပွားရေး လုပ်ငန်းများဖြင့် မိမိတို့ ကျေးရွာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် သွားကြရန် နှင့် အခြားကျေးရွာများက အားကျစံနမူနာယူရသည့် အောင်မြင်သော ကျေးရွာများအဖြစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ကိုရီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းသည် ကျေးရွာပေါင်း(၁၁၀)ရွာ၌ အောင်မြင်စွာ ပြီးမြောက် ခဲ့ပြီး၊ ယင်းစီမံကိန်း အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ ရန်ပုံငွေတို့ဖြင့် ကျေးရွာပေါင်း ၂၆ ရွာ ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုစီမံကိန်းကို မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု စင်တာ (Korea Climate Change Center – CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြင့် မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် တစ်ရွာလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်ဖူးခြင်း မရှိသေးသော တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြ ကျေးရွာအဖြစ် ရွာ(၄၀)ကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင်ပါဝင်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်များနှင့် မကွေးတိုင်း ဒေသကြီးတို့၏ ကျေးရွာ (၁၁)ရွာ တို့၌ အကောင်အထည်ဖော် ဆောင်ရွက် မည့် စီမံကိန်းတွင် ပါဝင်သည့် သက်ဆိုင်သူများကို ပထမအကြိမ်အဖြစ် အွန်လိုင်းစနစ်ဖြင့် သင်တန်းဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ကျေးရွာသစ် လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး ပါဝင်သည့် ကျေးရွာတစ်ရွာလျင်(၃)ဦးစီဖြင့် စုစုပေါင်း (၃၃)ဦး၊ ဒုတိယ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး(၅)ဦး ၊ ခရိုင်ဦးစီးမှူး(၁၀)ဦး၊ မြို့နယ်ဦးစီးမှူး (၁၁)ဦး၊ ကျေးရွာ တာဝန်ခံဝန်ထမ်း(၁၁)ဦး၊ စုစုပေါင်း (၇၀)ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြောင်း၊ ဆယ်မာအူးလ်အွန်ဒုန် သဘောတရားများ သိရှိနိုင်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ရေးဆွဲတတ်စေရန် ရည်ရွယ်၍ အွန်လိုင်းသင် တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ က ကျေးရွာဖွံ့ဖြိုးရေး နှင့် ဆယ်မာအူးလ် အွန်ဒုန် ဘာသာရပ်ကို လည်းကောင်း၊ သင်တန်းကျောင်း ဒုတိယတာဝန်ခံ ဒေါက်တာကျော်ဝေနိုင် က ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲနည်းကိုလည်းကောင်း၊ စိစစ်သုံးသပ်ရေးဌာနခွဲ တာဝန်ခံ ဒေါ်နှင်းထွေးထွေးအောင် က စီမံကိန်း လုပ်ငန်းများ၏ အောင်မြင်ဖြစ်စဉ်များ မျှဝေခြင်းကို လည်းကောင်း၊ SMU စီမံကိန်း ဌာနစိတ် တာဝန်ခံ ဒေါ်ဝါဝါ က စီမံကိန်း လုပ်ငန်း အခြေအနေအား လစဉ်အစီရင်ခံစာ ရေးသား ပေးပို့ခြင်း လုပ်ငန်းစဉ်ကို လည်းကောင်း အွန်လိုင်းစနစ်ဖြင့် ပို့ချဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။