ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

NFASP ၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေး ကျင်းပ

မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး (National Food and Agriculture Systems Project-NFASP) ချေးငွေစီမံကိန်း ၏ အမျိုးသားအဆင့်စီမံကိန်း ဦးဆောင် ကော်မတီ (NPSC)အစည်းအဝေး ကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာပါဝင် တက်ရောက် ကြသည်။

အစည်းအဝေးတွင် NFASP ချေးငွေစီမံကိန်း ၏ အမျိုးသားအဆင့်စီမံကိန်း ဦးဆောင် ကော်မတီ ဥက္ကဌ ၊ ဒုတိယဝန်ကြီး ဦးလှကျော် က NFASP စီမံကိန်းအကောင်အထည်ဖော်မည့် အစီအစဉ် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP) အရေးပေါ်ရန်ပုံငွေအတွက် ရန်ပုံငွေ လျာထားတောင်းခံ၍ ဆောင်ရွက်နိုင်မည့် အခြေအနေ နှင့် သမဝါယမဦးစီးဌာန က အကောင်အထည်ဖော်မည့် Component 1. A ပါလုပ်ငန်းဖြစ်သော လယ်ယာသွင်းအားစုများကို ဘောက်ချာစနစ်ဖြင့်ဖြန့်ဖြူးခြင်း နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ စံသတ်မှတ် ချက်များနှင့်အညီ သီးခြားအကောင့်များ ဖွင့်လှစ်ခြင်းနှင့် ရန်ပုံငွေများ ခွဲဝေချထား သတ်မှတ်ခြင်း၊ ပြန်လည် ကောက်ခံခြင်း စိစစ်ရန်လိုအပ်ချက်များကို ထည့်သွင်း ဆွေးနွေးပေးကြစေလိုကြောင်း၊  စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဖြည့်စွက် အကြံပြုချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းနှင့် ပုံစံများအား ပြန်လည် ဆွေးနွေး တင်ပြကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရေး အတွက် အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

စိုက်ပျိုးထုတ်လုပ်မှုများတိုးတက်လာစေရန်၊ သီးနှံအမယ်စုံ တိုးချဲ့စိုက်ပျိုးလာနိုင်စေရန် နှင့် ရွေးချယ်ထားသော တန်ဖိုးမြှင့်ကွင်းဆက်တစ်လျောက် မှ စိုက်ပျိုးထုတ်ကုန်များ၏ အရည် အသွေး ပိုမိုကောင်းမွန်မှု နှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့် လာစေရေး တို့ကို ရည်မှန်း ဆောင်ရွက်သော မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးချေးငွေ စီမံကိန်းကို ကမ္ဘာ့ဘဏ်အဖွဲ့ အစည်း ၏ ချေးငွေအမေရိကန်​ဒေါ်လာ (၂၀၀) သန်းဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ် မှ (၂၀၂၅-၂၀၂၆) အထိ(၅) နှစ်ခွဲကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက် ရန် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၄) ရက်နေ့က ချေးငွေစာချုပ်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်း တို့ နှစ်ဦးနှစ်ဘက် လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါစီမံကိန်းအတွက် အမျိုးသားအဆင့် စီမံကိန်း ဦးဆောင် ကော်မတီ (NPSC) အဖွဲ့ကို စက်တင်ဘာလ(၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယနေ့အစည်းအဝေးကို ပထမအကြိမ် ကျင်းပခြင်းဖြစ်သည်။

မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး(NFASP) ချေးငွေစီမံကိန်း စတင် ညှိနှိုင်းစဉ်က ချေးငွေ အမေရိကန်ဒေါ်လာ ၈.၅သန်း ဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့က စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်သော်လည်း Covid-19 ကူးစက်မြန် ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုများ ကုစားနိုင်ရေး အတွက် ချေးငွေ ပမာဏ ဒေါ်လာ (၂၀၀) သန်းထိ တိုးမြှင့်ရယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ သမဝါယမဦးစီးဌာန တို့က အကောင် အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။