ဆောင်းပါး

တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး

လူနှင့်တိရစ္ဆာန်အဖွဲ့အစည်းများတွင် ရောဂါအထူးအဆန်းများသည် မထင်မှတ်နိုင်လောက်သော နှုန်းထားများနှင့် ပေါ်ထွက်လျက်ရှိပါသည်။ ယင်းရောဂါများကြောင့် ပြည်သူလူထုနှင့် တိရစ္ဆာန်လောကတွင် အတော်ကလေး အထိတ်တလန့် ဖြစ်လာခဲ့ကြသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းကြီး (OIE) အနေဖြင့် လတ်တလော ပေါ်ပေါက်လာသည့် တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါများအပေါ် လောလောလတ်လတ် အရှိန်အဟုန်ဖြင့် အလေးထားလာမှုသည် OIE ၏ ပရိဝုဏ်ပြင်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ် နှင့် ဆက်နွှယ်လျက်ရှိပါသည်။

ကမ္ဘာ့ပြည်သူလူထုအတွက် ကြောက်မက်ဖွယ် အကောင်းဆုံးရန်သူမှာ နျူကလီးယားလည်း မဟုတ်ပါ၊ အကြမ်းဖက်သမားများ အန္တရာယ်လည်း မဟုတ်ပါ၊ သဘာဝမိခင်ကြီးမှ ပေါ်ပေါက်လာသည့် အန္တရာယ်ပင် ဖြစ်ပါသည်။ ယင်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာခဲ့သည့် ရောဂါသစ် ရောဂါဆန်းများပင် ဖြစ်သည်။ ကူးစက်မြန် သေပျောက်နှုန်း များပြားသော ရောဂါဆန်းများသည် မထင်မှတ်သောနေရာမှ ရုတ်တရက်ပေါ်ပေါက်လာနိုင်ပြီး ယင်းရောဂါကို ချေမှုန်းနိုင်သည့် ကျွမ်းကျင်မှုနည်းပညာ၊ အရင်းအမြစ်များ မပြည့်မစုံ ဖြစ်နေစဉ် လူသားတစ်ရပ်လုံးကို ဒုက္ခလှလှ ကြီး ပေးနိုင်စွမ်းရှိပါသည်။

လူသားများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါများကို ကပ်ရောဂါအသွင်အနေနဲ့ စိန်ခေါ်မှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည့် Severe Acute Respiratory Syndrome coronavirus (SARS-COV) ကို ၂၀၀၂ ခုနှစ်က တရုတ်နိုင်ငံ၊ ဝက်တုပ်ကွေး ခေါ် Swine-origin pandemic (H1N1) influenza A virus ကို ၂၀၀၉ ခုနှစ်က မက္ကဆီကိုနိုင်ငံနှင့် Middle East Respiratory Syndrome coronavirus (MERS-CoV) ကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အသီးသီးဖြစ်ပွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ် နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက် ရောဂါသည် ယခုလက်ရှိ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက် ရှိပြီး မူလအစက ရောဂါ၏ဇာစ်မြစ်ကို မခွဲခြားနိုင်သေးဘဲ အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ်လေ့လာရေးအဖွဲ့ (ICTV) ၏ တွေ့ရှိချက်အရ COVID- 19 ကူးစက်ရောဂါသည် Severe Acute Respiratory Syndrome coronavirus 2 (SARS-CoV-2) ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတ်မှတ်ကြေညာခဲ့ပါသည်။

အမှန်စင်စစ် SARS ရောဂါဖြစ်သည့် (Severe Acute Respiratory Syndrome) ခေါ် အသက်ရှူလမ်းကြောင်း၌ ဖြစ်တတ်သည့် ကူးစက်ရောဂါမှာ မြုပ်ချည်ပေါ်ချည်ဖြင့် လူသားတို့ကို ဒုက္ခပေးသည့် ရောဂါဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။ ယင်းရောဂါဆိုးအန္တရာယ်မှာ ချဲ့ကား ပြောဆိုနေခြင်းထက် တကယ်လက်တွေ့၌ ပို၍ကြောက်စရာကောင်းကြောင်း သိရှိရပါသည်။ ထိုဆန်းသစ်လာသော ရောဂါများနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆို ချက်တစ်ရပ်ရှိပြီး အောက်ဖော်ပြပါ ရောဂါ(၃)ရပ်ကို လွှမ်းခြုံထားပါသည်။

ယင်းမှာ-

– သိပြီးသော ရောဂါတစ်ရပ် ဖြစ်သော်လည်း ပထဝီဝင်ဒေသ နယ်ပယ်သစ်တစ်ရပ်တွင် ပေါ်ပေါက်သောရောဂါ၊

– သိပြီးသော ရောဂါတစ်ရပ်ဖြစ်သော်လည်း တစ်ခါမှ မဖြစ်ပေါ်ဖူးသေးသော တိရစ္ဆာန်အမျိုး အစားတွင် ဖြစ်ပေါ်သောရောဂါ၊

– ယခင်က မသိရှိဖူးသေးသော ပထမဆုံး တွေ့ကြုံရသည့် ရောဂါအမျိုးအစားများ ပါဝင်ပါသည်။

အဆိုပါ အမျိုးအစားသုံးမျိုးတွင် ရောဂါအများစုမှာ တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ ဖြစ်ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ၇၅ ရာခိုင် နှုန်းသော ရောဂါများမှာ Emerging diseases တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါများ ဖြစ်ပါသည်။ တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သော မည်သည့်ရောဂါကို မဆို တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါ (Zoonosis) ဟု ခေါ်ဆိုပါသည်။ အဆိုပါ ဝေါဟာရကို ၁၈၅၅ ခုနှစ်က Trichinella ခေါ် ဝက်သန်ကောင် ရောဂါကို လေ့လာခဲ့သည့် ဂျာမန်ဆရာဝန် Rudolf Virchow က စတင် ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းရောဂါကို လေ့လာခဲ့သော Virchow သည် လူတို့၏ ဆေးပညာနှင့် တိရစ္ဆာန်ဆေးကုပညာတို့၏ အရေးပါသော နှီးနွှယ်မှုကို ကောင်းစွာလက်ခံသဘောပေါက်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ ဆရာဝန်ဘဝတစ်လျှောက်လုံးတွင်လည်း လူနှင့် တိရစ္ဆာန်ရောဂါ ဆက်စပ်ကူးစက်ပုံကို အလေးထား လေ့လာခဲ့ပါသည်။ ယနေ့ခေတ်တိုင်အောင် Virchow ကို ရောဂါဗေဒ၏ ဖခင်ကြီးဟု လူသိများခဲ့သလို ရောဂါဆိုင်ရာဆဲလ်သီအိုရီကို ဖော်ထုတ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ၎င်း၏ဆေးပညာအသိအမြင်တို့သည် မျက်မှောက် ကမ္ဘာ့ကျန်းမာရေးအခြေအနေနှင့် အများဆုံး ဆက်စပ်လျက်ရှိပါသည်။

ဆန်းသစ်လာသော ကူးစက်ရောဂါများကို ဖြစ်ပေါ်စေခြင်းနှင့် တစ်ချိန်ကဆယ်စုနှစ်၊ ရာစုနှစ်များအတွင်း မသိသာ၊ မမြင်သာခဲ့သော ရောဂါများ ယခုခေတ်အခါသမယတွင် ပိုမိုဖြစ်ပွားလာရခြင်းတို့မှာ လူဦးရေတိုးပွားလာမှု ကြောင့် ဖြစ်ပါသည်။ သို့အတွက် ကုန်စည်ကူးသန်းမှုကြောင့် သော်လည်းကောင်း၊ တစ်ကိုယ်ရေ စိတ်ကျေနပ်မှုအရသော် လည်းကောင်း၊ နည်းပညာ တိုးတက်လာမှုကြောင့် သော် လည်းကောင်း၊ မျိုးစိတ်တစ်မျိုးနှင့် တစ်မျိုး ရောနှောခွင့် ရလာကြပါသည်။ အဏုဇီဝပိုးများမှာ တစ်နေရာမှ တစ်နေရာသို့ ကူးသန်းခွင့်ရလာပြီး ရောဂါဖြစ်စေတတ်သော အကျိုးဆက်များ ဖြစ်ပေါ်လာပါသည်။ ထို့အပြင် Globalization ကြောင့်လည်း စျေးကွက်အင်အားများ ဖြစ်ပေါ်လာပြီး သက်ရှိများအကြား အချင်းချင်းရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အင်တာနက်များဖြင့် လေ့လာ၍ လုပ်ငန်းဆက်စပ် ဆောင်ရွက်နိုင်ကြပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည် လွန်ခဲ့သော နှစ်၂၀ ကျော်အတွင်း သုံးဆခန့် မြင့်မားတိုးတက်လာပါ သည်။ ထိုသို့သော ကုန်သွယ်မှုကြောင့် ပြည်သူများ၊ တိရစ္ဆာန်များ၊ တိရစ္ဆာန်ပစ္စည်းထွက်ကုန်များ ရွေ့လျား သွားလာမှုမှာ မထင်မှတ်လောက်သော အဆင့်အထိသို့ တိုးတက်လာခဲ့ပါသည်။ ထိုသို့ လူဦးရေ ကြီးထွားလာမှုနှင့် Globalization ဖြစ်စဉ်နှစ်ခုပေါင်းစပ်ခြင်းဖြင့် ထွက်ပေါ် လာသော အင်အား(Synergy)ကြောင့် ရောဂါဖြစ်စေသော အရာများ (Agents) များသည် ထိုရှိရင်းစွဲနေရာများမှသည် နယ်ပယ်သစ်များဆီသို့ ရောက်ရှိလာပြီး ၎င်းတို့၏ ဒုက္ခပေး တတ်သောသဘာဝကို ပြသလာကြပါသည်။

လူသားတို့တွင် ရောဂါဖြစ်စေသောရောဂါပိုး ၁၄၁၅ မျိုးတွင် ၆၁ ဒသမ ၆ ရာခိုင်နှုန်းမှာ တိရစ္ဆာန်တို့မှ အခြေခံ လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရောဂါပိုး ၆၁၆ မျိုးမှာ အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်ပြီး ၇၇ ဒသမ ၃ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မျိုးစိတ် အမျိုးမျိုးတွင် ဖြစ်ပွားနိုင်သည့်ရောဂါပိုးများ ဖြစ်ကြသည်။ အသားစားသော အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်စေသော ရောဂါပိုးအမျိုးပေါင်း ၃၇၄ မျိုးရှိပြီး ၉၀ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါပိုးများသည် သီးခြားကန့်သတ်မဲ့သော သဘာဝတွင် ရှိပါသည်။ အကယ်၍ မျိုးမတူသော တိရစ္ဆာန်များ အတူတကွ စုစည်း ထားလျှင် အဏုဇီဝပိုးများ ပြောင်းလဲမှုသည် အလွယ်တကူ ဖြစ်ပေါ်နိုင်ပါသည်။

တောရိုင်းတိရစ္ဆာန်များ၏ ရောဂါပိုးများကို အသေးစိတ် မသိရှိသေးခြင်းသည်လည်း အကြောင်းတစ်ကြောင်း ဖြစ်ပါသည်။ လက်ခံကောင်၏ တိရစ္ဆာန်အမျိုးအစား(မျိုးစိတ်)များ၊ ကူးစက်နိုင်သောရောဂါပိုး၏ မျိုးစိတ် အမျိုးအစားကို အခြေခံမည်ဆိုလျှင် တွဲဖက်ပေါင်းစပ်နိုင်မည့် အတွဲအသစ် ပေါင်း (Permutations) များစွာ ပေါ်ထွက်လာမည်ဖြစ်သဖြင့် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများကြောင့် ပြည်သူ့ကျန်းမာရေးနှင့် တိရစ္ဆာန်ကျန်းမာရေးတို့အပေါ်တွင် အရေးတကြီး ထိတ်ပြာလာရမည့် အခြေအနေမှာ ထူးဆန်းလှသည် မဟုတ်ပါ။

သို့သော် သေချာသည့်အချက်မှာ ထိုကဲ့သို့ ရောဂါများ နောက်ထပ်ရှိနိုင်သေးခြင်းဖြစ်ပြီး တိရစ္ဆာန်ဆေးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ ယင်းရောဂါများ ပေါ်ပေါက်လာစေမည့် အောက်ဖော်ပြပါ ထင်ရှားသောအကြောင်း အရပ်များကို ထည့်သွင်းစဉ်းစား ပြင်ဆင်မှုများ ပြုလုပ် ထားရန် လိုအပ်ပါသည်။

(၁)တိရစ္ဆာန်များရွေ့လျားသွားလာမှု

ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်များ ကုန်သွယ်မှု အတိုင်းအတာမှာကြီးမားပြီး တဖြည်းဖြည်းကြီးထွားတိုးတက် လာပါသည်။ သယ်ယူပို့ဆောင်သည့် တိရစ္ဆာန်များမှာ မွေးမြူရေးတိရစ္ဆာန်နှင့် ကြက်၊ ဘဲများ၊ ချစ်စနိုးမွေးမြူရန် နိုင်ငံပြင်ပမှ တိရစ္ဆာန်များ၊ တောရိုင်းတိရစ္ဆာန်များ ဖြစ်ကြပါ သည်။ အဆိုပါ တိရစ္ဆာန်ကုန်သွယ်မှုများအားလုံးမှာ ရောဂါများ ပေါ်ပေါက်လာစေရေးအတွက် အရင်းအမြစ်များ ဖြစ်ကြပါသည်။

လူတို့စားသုံးရန် အသား၊ နို့၊ ဥ လိုအပ်ချက် မြင့်မားလာ မှုကြောင့် တိရစ္ဆာန်မွေးမြူရေးမှာ တိုးတက်လာပြီး ထုတ်လုပ်မှုအပိုင်းမှာ ဆက်လက်မြင့်မား တိုးတက်လျက် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေမှာ ၇ ဒသမ ၇ ဘီလီယံ ရှိလာတော့မည်ဟု ခန့်မှန်းခဲ့ကြပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ တစ်ကမ္ဘာလုံး တိုးချဲ့လာရမည်ဖြစ်ပြီး တိရစ္ဆာန်မွေးမြူရေးတွင်လည်း ကောင်ရေအမြောက်အမြားကို စုစုစည်းစည်း မွေးမြူ လာကြရတော့မည် ဖြစ်ပါသည်။ သို့အတွက် မွေးမြူရေးအတွက် လိုအပ်သောသွင်းအားစုများမှာ ပြည်တွင်း၌သော် လည်းကောင်း၊ နိုင်ငံများအကြား၌သော်လည်းကောင်း၊ စီးဆင်းမှုမှာ သွက်လက်လျင်မြန်ပြီး တိုးတက်များပြား လာမည်ဖြစ်ရာ ရောဂါပျံ့နှံ့မှုအလားအလာမှာ မြင့်မားလာပါတော့သည်။ တိရစ္ဆာန်များကို စုပေါင်း ထိန်းသိမ်းထားခြင်းမှာလည်း ရောဂါဖြစ်ပေါ်လာနိုင်မှု အလားအလာ မြင့်မားစေပါသည်။ ဥပမာအားဖြင့် နီပါးဗိုင်းရပ်စ်နှင့် ကြက်ငှက်တုပ်ကွေးရောဂါများ ဖြစ်ကြပါသည်။

အပြည်ပြည်ဆိုင်ရာ တရားဝင်/ တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ပေါင်း ၁၅၉ ဘီလီယံရှိကြောင်း သိရှိရပါသည်။ ဤသို့ သမားရိုးကျမဟုတ်သော သတ္တဝါများ ကူးသန်း သွားလာမှုသည် အဏုဇီဝမုန်တိုင်းကြီးတစ်ခုကို ဖန်တီး လာသကဲ့သို့ ရှိနေပါသည်။ တိရစ္ဆာန်ရုံများသည်လည်း ရောဂါဖြစ်စေသောပိုးမွှားများ၊ တိရစ္ဆာန်မျိုးစိတ်တစ်ခုမှ အခြားတစ်ခုသို့ ကူးသန်းသွားလာရန် အခြေအနေပေး သောနေရာတစ်ခု ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီး ခြောက်တိုက်၌ နိုင်ငံ ၇၂ နိုင်ငံရှိ တိရစ္ဆာန်ရုံပြတိုက် ၅၈၆ ခု တွင် ၈၂ ရာခိုင်နှုန်းမှာ တိရစ္ဆာန်ရုံများသို့ ရောက်ရှိလာသည့်အကောင်သစ်များဖြစ်ပြီး ၆၄ ရာခိုင် နှုန်းမှာ ငှက်များ ဖြစ်ပါသည်။ တွားသွားသတ္တဝါ အများစုမှာ တိရစ္ဆာန်ရုံ၌ပင် ပေါက်ပွားကြသည်များ ဖြစ်၏။ ဤသို့ဖြင့် မျိုးမတူသော မျိုးစိတ်များအတူ ရောနှောနေထိုင်ခြင်းဖြင့် အကျိုးပြုခြင်း (သို့မဟုတ်) အကျိုးမဲ့ခြင်း စသည့် အခွင့်အလမ်းများ ဖြစ်ပေါ်တတ်ပါသည်။

(၂) တောရိုင်းတိရစ္ဆာန်များနှင့် ချုံအောင်းသား စားသုံးမှုအလေ့

တိရစ္ဆာန်အရှင်များကို ကုန်သွယ်မှုနှင့် ချုံအောင်းသား စားသုံးမှုအလေ့မှာ တိုးတက်များပြားလာသဖြင့် အများအာရုံစိုက်ရမည့် အခြေအနေ ဖြစ်ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအလေ့အထများနှင့် ဆက်နွှယ်ပြီး SARS ရောဂါနှင့် Ebola ရောဂါများ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိနေရာ အနှံ့အပြားတွင် တောကောင်သား ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ယခုခေတ်တွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှုကြောင့် ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားသောခရီးကို အချိန်တိုအတွင်း သွားလာနိုင်မှု ကြောင့် ရောဂါပျံ့နှံ့မှု အလားအလာမှာ ပို၍မြင့်မား လာပါသည်။ အသားများမှတစ်ဆင့် ရောဂါပိုးများသည် နယ်သစ်ပယ်သစ်၊ လက်ခံကောင်သစ်များဆီသို့ မမျှော် မှန်းနိုင်သည့် အကျိုးဆက်များ ပေါ်ပေါက်လာရေးကို ဦးတည်လျက် အသီးသီးဝင်ရောက်လျက် ရှိပါသည်။

(၃) တိရစ္ဆာန်အရှင်စျေး

တိရစ္ဆာန်မျိုးစုံ ရောင်းချလေ့ရှိပြီး အထူးသဖြင့် စားသုံးသူများ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန် ရောင်းချလေ့ ရှိပါသည်။ သို့ရာတွင် အဆိုပါတိရစ္ဆာန်များမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ဆီး၊ ဝမ်းသွားခြင်းဖြင့် ရောဂါပိုးများသည် အနီးအနားရှိ လူနှင့် တိရစ္ဆာန်ဆီသို့ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ထိုသို့ တိရစ္ဆာန်အရှင်ရောင်းချမှု သည် ရောဂါပျံ့နှံ့နိုင်သည်ဟု လွန်ခဲ့သောနှစ်များကပင် သတိပြုမိခဲ့ကြပါသည်။ ဥပမာ (ကြက်ငှက်တုပ်ကွေး ရောဂါ) ၂၀၀၄ ခုနှစ် အစောပိုင်းလောက်က တရုတ်နိုင်ငံ သွေးစွန်းစျေးတစ်ခုတွင် အလုပ်လုပ်ကိုင်ကြသော အလုပ်သမားအချို့ကို သွေးရည်ကြည် စစ်ဆေးရာတွင် SARS Corona Virus ကူးစက်ထားကြောင်း တွေ့ရှိ ရပါသည်။ ယင်းဇာစ်မြစ်ကို စိစစ်ရာတွင် ကြောင်ကတိုး (Civet cats) ရောင်းချမှုကို အခြေခံသည်ကို တွေ့ရှိရ သဖြင့် ဤကိစ္စကို အထူးတလည် အလေးထား အာရုံ စိုက်လာကြပါသည်။

(၄) ဂေဟစနစ်ဖျက်ဆီးခြင်း

ဂေဟစနစ်ဖျက်ဆီးခြင်းသည် ရောဂါသစ်များနိုးထရာ အန္တရာယ်ကြီးမားသော အချက်တစ်ရပ် ဖြစ်နိုင်ပါသည်။ လူသားတို့သည် နယ်သစ်ပယ်သစ်များဆီသို့ ချဲ့ထွင်တိုးဝင်လာကြရာ အချို့သော ရောဂါပိုးသစ်များသည် ခြေလေးချောင်း သတ္တဝါများမှလည်းကောင်း၊ ကြက်၊ ငှက်များမှလည်းကောင်း၊ လူသားများဆီသို့ ဝင်ရောက်၍ ရောဂါသစ်များ ဖြစ်ပေါ်စေနိုင်ပါသည်။ လူသားများရွေ့လျားမှုကြောင့် ၎င်းနှင့်အတူ ရောဂါပိုး သည် နယ်မြေဒေသတစ်ရပ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့အတူ ရောဂါမကူးစက်သေးသော လူသားတို့သည် နယ်မြေသစ်တစ်ရပ်ဆီသို့ ရောက်ရှိသွားမှုကြောင့်လည်း ရောဂါသစ်တစ်ရပ် ပေါ်ထွက်နိုင်ပါသည်။ ဥပမာအားဖြင့် နယူးဇီလန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ အမြီးဖွားခြ ပုရွက်စားတိရစ္ဆာန် (Brush tail possums) များကို တင်သွင်းခဲ့ရာတွင် ယင်းတိရစ္ဆာန်များသည် ကျွဲ၊ နွား အဆုတ်ရောဂါ (TB) ပိုး သိုလှောင်ထိန်းသိမ်းထားရာ သတ္တဝါများ ဖြစ်နေကြပါသည်။

စိတ်ဝင်စားစရာအချက်မှာ ဇီဝလုံခြုံမှု (Biosecurity) ဆိုသည်မှာ တစ်ချိန်က လူနာ(သို့မဟုတ်) ရောဂါရှိ တိရစ္ဆာန်၊ ဓာတ်ခွဲခန်း၊ ဆေးခန်း (သို့မဟုတ်) မွေးမြူရေး ခြံများအတွက်သာ ရည်ညွှန်းခဲ့ပါသည်။ သို့ရာတွင် ယခု အခါ အဆိုပါအချက်များသာမကတော့ဘဲ ဂေဟစနစ် (Ecosystem)ကိုပါ ထည့်သွင်း၍ ကျယ်ပြန့်စွာ စဉ်းစား ရတော့မည် ဖြစ်ပါသည်။ Biosecurity ကို တစ်ချိန်က ကျဉ်းမြောင်းသောအမြင်ဖြင့် ကဏ္ဍကလေးတစ်ရပ်ကို သာ ကွက်၍စဉ်းစားခဲ့မှုကြောင့် ရောဂါသစ်များပေါ်ထွက် လာမှုကို အားပေးသကဲ့သို့ ရှိခဲ့ဖူးသည့်သာဓကများ ရှိပါသည်။ အနီးဆုံး ဥပမာပြရမည်ဆိုလျှင် DDT (Dichloro Diphenyl Trichloroethane) ခေါ် ပိုးသတ်ဆေးကို လွန်ခဲ့သော ဆယ်စုနှစ်များက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ရာတွင် အခြားမလိုလားအပ်သည့် ဆိုးကျိုးများ ကြုံတွေ့ခဲ့ရပါသည်။ တိရစ္ဆာန် ဆေးကုပညာရှင်များအနေဖြင့် ယခုအခါတွင် ဇီဝလုံခြုံမှုဟူသော ဝေါဟာရကို ကျယ်ပြန့်သော အသိအမြင်ဖြင့် တွေးတောစဉ်းစားကြရန် လိုအပ်ပါသည်။

(၅) ဓာတ်ခွဲခန်း၌ မပျိုး/ မမွေးနိုင်သေးသော အဏုဇီဝပိုးများ

လူသားတို့ကို ရောဂါပိုးပေါင်း၏ ၁၄၀၀ ကျော်ခန့် ကူးစက်နိုင်ပြီး အများစုမှာ တိရစ္ဆာန်မှလူသို့ ကူးစက်သော Zoonotic ရောဂါများ ဖြစ်ကြပါသည်။ ထိုရောဂါ ပိုးများအားလုံးမှာ ကျွန်ုပ်တို့သိရှိပြီးဖြစ်သလို လွယ်ကူစွာ ခွဲခြားထုတ်ဖော်နိုင်သည်မှာ ယင်းတို့ကို ဓာတ်ခွဲခန်း အတွင်း၌ပင် မွေးမြူပျိုးထောင်နိုင်၍ ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း မော်လီကျူလာ Genetics ခေါ် မော်လီကျူးဆိုင်ရာ မျိုးရိုးဗီဇပညာအား ကြောင့် ပေါ်ပေါက်လာသော ပိုးစာရင်းမှာလည်း ကျယ်ပြန့်လာပါသည်။ နျူကလီယပ်မပါသော အဏုဇီဝ ပိုးအမျိုးအစားပေါင်းများစွာရှိပြီး မူလက သိရှိထားသော ပိုးမျိုးများထက်ပင် ပိုများကြောင်း သိရှိရပါသည်။ အသစ်တွေ့ရှိသော ပိုးများမှာ အများအားဖြင့် ဗက်တီးရီး ယားပိုးများပင်ဖြစ်ပြီး ယင်းတို့မှာ သဘာဝအရသော်လည်းကောင်း၊ ဓာတ်ခွဲခန်း နည်းပညာအရလည်းကောင်း ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ယင်းတို့အနက် အမျိုးအစား ဘယ်နှမျိုးလောက်မှာ လက်ခံကောင်အသစ်များကို ရောဂါ ကူးစက်နိုင်မည်မသိပါ။

(၆) ရောဂါစူးစမ်းထောက်လှမ်းမှု

ရောဂါစူးစမ်းထောက်လှမ်းမှုများ တိုးတက်ဆောင်ရွက် လာမှုကြောင့် ရောဂါသစ်၊ ရောဂါဟောင်းများစွာတို့သည် ပို၍ လွယ်ကူလျင်မြန်စွာ ပေါ်ထွက်လာပါသည်။ ယင်းနှင့် ဆက်စပ်၍ နမူနာကောင်းတစ်ခုမှာ နွားရူးရောဂါ (Bovine Amyloidotic Spongiform Encephalopathy) ခေါ် (BASE) ရောဂါ ဖြစ်ပါသည်။ ယင်းရောဂါကို အီတလီသုတေသီများက ရှာဖွေတွေ့ရှိခြင်းပင်ဖြစ်သည်။ အီတလီနိုင်ငံတွင် BSE (Bovine Spongiform Encephalopathy) ရောဂါနှင့် ပတ်သက်၍ နွားဦးနှောက်အရေအတွက် ၁ ဒသမ ၆ သန်း ကို စစ်ဆေးရှာဖွေရာမှ တွေ့ရှိခြင်း ဖြစ်ပါသည်။ စမ်းသပ်မှု တစ်ခုခုအနက် ရောဂါသစ်တစ်မျိုးဖြစ်သည့် BASE ကို ဦးနှောက်၏ အခြားအစိတ်အပိုင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ BASE ၏ Prion ပရိုတိန်းမှာ BSE ၏ Prion Protein နှင့် မတူဘဲ ယင်းတွင် သကြား (Sugars )အနည်းငယ် တွယ်ကပ်နေသည်ကို သတိပြုမိကြပါသည်။ ယင်းသည် လူတွင် ပြောက်တိပြောက်ကျား ဖြစ်တတ်သော Creutzfelzt Jakob Disease ကဲ့သို့ပင် အလားသဏ္ဌာန် တူပါသည်။

(၇) အကြမ်းဖက်အန္တရာယ်

နောက်ဆုံးအချက်တစ်ချက်မှာ အကြမ်းဖက်သမားတို့၏ အန္တရာယ်ပင် ဖြစ်ပါသည်။ အကြမ်းဖက်ရာတွင် အသုံး ပြုကြသည့် ဇီဝပိုးမွှားများမှာ မူလကပင် သိရှိပြီးသော ရောဂါပိုးများ ဖြစ်ကြပါသည်။ သို့ရာတွင် အချို့သော အကြမ်းဖက်သူတို့တွင် ပိုးမွှားကျွမ်းကျင်သူများအနက် လူသားမုန်းတီးရေးသမားများ စိတ်ရူးနှမ်းသူတို့၏ လက်ချက်ကြောင့် မူလပိုးများကို အနည်းငယ်အသွင်ပြောင်းလျက် ရောဂါသစ်အသွင်သဏ္ဌာန်ဖြင့် ဖန်တီးပြီး လူသားပတ်ဝန်းကျင်ထဲသို့ သွတ်သွင်းပေးလိုက်မည်ကို စိုးရိမ်ပူပန်လျက် ရှိပါသည်။

နိဂုံးချုပ်အနေဖြင့် ဆန်းသစ်လာသော ရောဂါဟောင်း၊ ရောဂါသစ်များ၏ ရေစီးကြောင်းကို ရှုမြင်သုံးသပ်ရသည်မှာ ယနေ့ကြုံတွေ့နေရသော ရောဂါဆိုးများကဲ့သို့ပင် ရောဂါတစ်ခုကုသမပြီးမီ နောက်တစ်မျိုး ပေါ်ပေါက် လာနိုင်ခြင်းပင် ဖြစ်ပါသည်။ လူနှင့်တိရစ္ဆာန် အပြန်အလှန်ကူးစက်မှုမှာ တဖြည်းဖြည်း နားလည်ရ ခက်လောက်အောင် ရှုပ်ထွေးလာပါသည်။ လူနှင့်တိရစ္ဆာန်တို့၏ ဆက်သွယ်မှုမှာ သီးခြားခွဲခြားရန်ပင် လွန်စွာခက်ခဲလျက်ရှိပါသည်။ ကမ္ဘာ့ကုန်သွယ် မှုတိုးမြင့်လာခြင်း၊ နေထိုင်မှု အရပ်ပြောင်းလဲလာခြင်း (Habitat) နေထိုင်သည့်ပုံစံ (Lifestyle) အမျိုးမျိုးပြောင်းလဲလာမှုကြောင့် လူနှင့်တိရစ္ဆာန်ဆက်သွယ်မှုမှာ ခွဲခြားမရ လောက်အောင် တစ်သားတည်းသဖွယ် ဖြစ်နေပါသည်။

ထို့ကြောင့် အသစ်အသစ်ဖြစ်ပေါ်လာသော ရောဂါ အသစ်များ၊ လူနှင့် တိရစ္ဆာန်ကူးစက်တတ်သော ရောဂါများ ကို တုံ့ပြန်ကာကွယ်နိုင်ရေးမှာ ကျွန်ုပ်တို့ လူသားများ အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။ လူနှင့် တိရစ္ဆာန်အကြား ဆက်သွယ်မှုကို နားလည်သဘော မပေါက်လျှင် ကျွန်ုပ်တို့ အလိုအလျောက် ရှုံးနိမ့်ပြီး ဖြစ်ပါ သည်။ Virchow ၏ ပထမဦးဆုံး အဆိုတစ်ရပ်ဖြစ်သည့် “ဆေးပညာတစ်ရပ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ်မြောက် ဖို့ရန်မှာ ပို၍အရေးကြီးသည်” ဆိုသည့်အဆိုကို သတိချပ်သင့်ပါသည်။ လွန်ခဲ့သော နှစ်များစွာက လူသားဇာတ်ခုံပေါ်တွင် ညီညာဖြဖြ ကခဲ့ကြရသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးများ ဖြစ်ကြသည့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ မကြုံစဖူးပေါ်ထွက်လာကြသည့် နွားရူးရောဂါ (BSE)၊ ကြက်ငှက်တုပ်ကွေးရောဂါ(Avian Influenza) တို့ကြောင့် မဟုတ်ပါလား။

တိရစ္ဆာန် ကျန်းမာရေးနှင့် လူထုကျန်းမာရေးတို့တွင်လည်းကောင်း၊ ဥပဒေပြဋ္ဌာန်းလိုက်နာမှုအပိုင်းတွင် လည်းကောင်း၊ တစ်စုံတစ်ယောက်သည် အားနည်းချို့ယွင်းမှု ပေါ်ပေါက်လာမည်ဆိုပါက ကြီးမားသည့် ပြဿနာကြီးတစ်ရပ် ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ရောဂါဆိုင်ရာ ကျွမ်းကျင်မှုများ အလျင်အမြန် မွေးမြူ ထုတ်လုပ်နိုင်ရေးအတွက် တိရစ္ဆာန် ကျန်းမာရေး၏ အခြေခံအဆောက်အအုံတစ်ခုတည်း၌ ချို့ယွင်းအားနည်း နေခြင်း မဟုတ်ပါ။ ပြည်သူ့ကျန်းမာရေး အခြေခံ အဆောက်အအုံတွင်လည်း ကျဆင်းအားနည်းနေသည်ကို ကမ္ဘာတစ်ဝန်းလုံးတွင် တွေ့ရှိရပါသည်။ သို့ရာတွင် အချို့ သော နိုင်ငံများတွင်မူ နိုးထလာသော ရောဂါသစ်များ ကြောင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကို ပို၍ တက်ညီလက်ညီ ဝိုင်းဝန်း အာရုံစိုက်လာမှုကြောင့် လည်းကောင်း၊ နှစ်အနည်းငယ်အတွင်း ပြောင်းလဲတိုးတက်မှုများ ရှိလာပါသည်။ ထိုသို့ရောဂါသစ်များ ပေါ်ထွက်လာမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ပြည်သူ လူထုကျန်းမာရေးမှာ ခွဲခြားမရတော့ဘဲ ဖြေ၍မရနိုင် လောက်အောင် ရောယှက်လိမ်နေပြီ ဖြစ်ပါသည်။ သို့အတွက် ရောဂါအသစ်များ တိုက်ဖျက်ထိန်းချုပ်ရေး အတွက် ကျွမ်းကျင်သူများ ဖွဲ့စည်းတည်ဆောက်ရေးမှာ တစ်ဖက်သတ် သီးခြားဆောင်ရွက်၍ မရတော့ဘဲ ကမ္ဘာ့အဆင့်အဖြစ် အဘက်ဘက်မှ ပူးပေါင်းကြိုးပမ်းသွား ရန် အထူးလိုအပ်လျက်ရှိရာ ကမ္ဘာကြီး၏ ကျန်းမာရေး မှာ အားလုံးပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါသည်။

ဒေါက်တာ လွင်နိုင်ဦး (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)

(OIE Emerging zoonoses and pathogens of public health concern (Vol.23 (2)) စာစောင် C.Brown ၏ Emerging zoonoses and pathogens of public health significance an overview ဆောင်းပါးမှ ကောက်နုတ်၍ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

၂၀၂၀ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။