ဆောင်းပါး

သီးနှံများရေရှည်အထွက်တိုးတက်ရေး မြေသြဇာအချိုးညီသုံးစွဲပေး

          မျက်မှောက်ကာလတွင် နိုင်ငံအလိုက် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ ထုတ်ကုန်များ ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းအမြင့်ဆုံး ရရှိရေးကိုဦးတည်၍  မြေသြဇာ အမျိုးမျိုး ကို တိုးတက်သုံးစွဲလာမှုကို တွေ့ရှိနေရပါတယ်။  ယခုလို သီးနှံအထွက်တိုးရေးသာ စဉ်းစားပြီး အတိုင်း အဆမရှိ မြေသြဇာများကို သုံးစွဲမည်ဆိုပါက ရေရှည်တွင် မြေဆီလွှာ၏ အရည် အသွေး များ ကျဆင်းလာကာ သီးနှံထုတ်လုပ်နိုင်စွမ်း လျော့နည်းမှုများနှင့်အတူ ပတ်ဝန်းကျင် ညစ်ညမ်းမှုပါ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ပါ၍ ရေရှည်စိုက်ပျိုးထုတ်လုပ် နိုင်ရန်အတွက် ပတ်ဝန်းကျင် ဆိုးကျိုး သက်ရောက်မှုများ မဖြစ်ပေါ်စေရေးကို ဂရုပြု ဆောင်ရွက် ရမှာ ဖြစ်သလို သီးနှံပင်ကလိုအပ်သော အဟာရဓါတ်များကို မြေဆီလွှာက မျှတစွာ ရရှိရန် အတွက် မြေဩဇာများကို အချိုးညီသုံးစွဲရေး သည် လွန်စွာအရေးကြီးလျက် ရှိပါတယ်။

လက်ရှိကမ္ဘာ၏ မြေသြဇာသုံးစွဲမှုကို လေ့လာရာတွင် ကိန်းဂဏန်းများအရ ၂၀၀၈ ခုနှစ်တွင်  ၁၆၁.၈ သန်းမက်ထရစ်တန်သုံးစွဲခဲ့ပြီး ခုနှစ်တွင် ၂၀၁၈ ခုနှစ်တွင် မက်ထရစ်တန် ၁၈၈  သန်းခန့်ထိ သုံးစွဲခဲ့တာကို တွေ့ရှိရပါတယ် (The World Fertilizer Outlook, 2019)။ ဆယ်စုနှစ်တစ်ခုအတွင်း မက်ထရစ်တန် ၂၇ သန်းခန့်တိုးမြှင့်သုံးစွဲလာခဲ့တာဖြစ်ပါတယ်။ အများ အားဖြင့် သီးနှံစိုက်ပျိုးရာ၌ မြေဩဇာအမျိုးအစားပေါင်းများစွာရှိသော်လည်း သီးနှံအတွက် အဓိ ကလိုအပ်သော အဟာရများဖြစ်သည့်  နိုက်ထရိုဂျင်၊ ဖော့စဖိတ်နဲ့ ပိုတက်ဆီယမ် မြေသြဇာများ ကိုသာ အဓိကထားသုံးစွဲကြပါတယ်။ ကမ္ဘာ့စျေးကွက်အခြေအနေ ဆန်းစစ်ချက်အရ ၂၀၁၈ ခုနှစ် တွင် နိုက်ထရိုဂျင် မြေဩဇာ မက်ထရစ် တန် ၁၀၅.၈ သန်း၊ ဖော့စဖိတ်မြေဩဇာ မက်ထရစ်တန် ၄၅.၉ သန်းနှင့် ပိုတက်ဆီယမ်မြေသြဇာ မက်ထရစ်တန် ၃၇.၁သန်း အသုံးပြုပြီး အချိုးအားဖြင့် ၅: ၂: ၂ ရှိတဲ့အတွက်သီးနှံတွေအတွက် အဓိကအများလိုတဲ့ အဟာရဓါတ်တွေကိုမျှတစွာသုံးစွဲနေ ကြောင်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ၏ မြေသြဇာသုံးစွဲမှုကို လေ့လာရာမှာတော့ ကိန်းဂဏန်းဖော်ပြချက်များအရ မြေဩဇာသုံးစွဲမှုမှာ နှစ်စဉ်မြင့်တက်ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်မှာ မက်ထရစ် တန် ၀.၁၄ သန်းရှိရာမှ ၂၀၁၈-၂၀၁၉ ခုနှစ် မှာတော့ မက်ထရစ်တန် ၂.၁ သန်း ထိ တိုးတက် လာတာ တွေ့ရပါတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ရာမှာ မြေဩဇာသုံးစွဲမှုလွန်စွာနည်းပါးနေပြီး အပင်က လိုအပ် သလောက်မသုံးစွဲတဲ့အတွက် သီးနှံအထွက်မှာလျော့နည်းနေသေးတယ်လို့ ကောက်ချက်ချ နိုင်ပါ တယ်။ ထို့အပြင် မြေသြဇာအမျိုးအစားလိုက် သုံးစွဲမှုကိုနှိုင်းယှဉ် ကြည့်ရာမှာတော့ နိုက်ထရိုဂျင် မြေဩဇာရဲ့သုံးစွဲမှုက အလွန်မြင့်မားနေပြီး အချိုးအားဖြင့် ၁၇: ၁.၅: ၁ ရှိတာကို တွေ့ရှိရတဲ့ အတွက် မြန်မာနိုင်ငံက တောင်သူများအနေနဲ့ နိုက်ထရိုဂျင် မြေသြဇာ တစ်မျိုးထဲကို အများအပြား သုံးစွဲလျက်ရှိတယ်လို့သုံးသပ်ရပါတယ်။ မြေသြဇာကိုအချိုးညီသုံးစွဲမှုမရှိရင် အထက်မှာ တင်ပြခဲ့ တဲ့အတိုင်း ရေရှည်မှာ သီးနှံ ထုတ်လုပ်မှု များ ကျဆင်းလာခြင်း၊  မြေဆီလွှာအရည်အသွေး ညံ့ဖျင်း လာခြင်း၊ ပတ်ဝန်းကျင် ဆိုးကျိုးများဖြစ်ပေါ်ခြင်းတို့  ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသော နိုက်ထရိုဂျင် မြေဩဇာ၏ တစ်ယူနစ်ထုတ်လုပ်နိုင်စွမ်းကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိတောင်သူများ၏ မြေသြဇာတစ်ယူနစ်ပေါ်တွင် ထုတ်လုပ် နိုင်စွမ်းသည် အိမ်နီးချင်း နိုင်ငံများနှင့်နှိုင်းယှဉ်ပါက များစွာနိမ့်လျက်ရှိသည်မှာ မြေဩဇာ သုံးစွဲမှု အချိုးမညီမျှခြင်းသည် အကြောင်းရင်း တစ်ခုဖြစ်ပါသည်။ တောင်သူများ အတွက် ရင်းနှီမြုပ်နှံမှုမှ ပြန်လည်ရရှိနိုင်မှု တနည်းအားဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်စေရန် အတွက် မြေဩဇာများကို အချိုးညီညီ သုံးစွဲခြင်း အပြင် ရေရှည်တည်တံ့သော ထုတ်လုပ်မှုကို ရရှိနိုင်ရန်အတွက် မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း စသည် တို့ကိုဆောင်ရွက်ရန်လိုအပ်ပါသည်။

ယခုအခါ နိုင်ငံတော် က ရေရှည်တည်တံ့သော စိုက်ပျိုး‌ရေးကဏ္ဍဖွံဖြိုးတိုးတက် လာစေ‌ရေး အတွက် အရည်အသွေးပြည့်မီ၍ ဘေးကင်းသော စိုက်ပျိုးထုတ်ကုန်များဖြစ်တဲ့ GAP သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရန်၊ သီးနှံစိုက်ပျိုးသူတောင်သူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေရန် ပြည်ပနိုင်ငံများသို့ ထုတ်ကုန်များတင်ပို့ရောင်းချပြီး ဈေးကောင်းရရှိစေရန် ရည်ရွယ်ချက်များနဲ့  တွန်းအားပေး ဆောင်ရွက်ချိန်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် နည်းပညာများကို သေချာစွာ လေ့လာ၍ အရည်အသွေးပြည့်မီသော ထုတ်ကုန်တိုးမြှင့်လာစေရန် ဆောင်ရွက်သင့် သည်နှင့်အမျှ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်စေရန် ဖော်ဆောင်ရမည် ဖြစ်ပါသည်။

နိုင်ငံတော်မှနေ၍ အရည်အသွေးပြည့်ဝ၍ မှန်ကန်သော မြေသြဇာများကို တောင်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် တည်ဆဲ မြေသြဇာဥပဒေ အရ လိုအပ်တဲ့ အမိန့်ကြေညာချက်များ ထုတ်ပြန်ပေးခြင်း၊ စျေးကွက်တွင်းရှိ ရောင်းချလျက်ရှိသော မြေသြဇာများကို အရည်အသွေး စံချိန်စံညွှန်း ကိုက်ညီမှု ရှိစေရန် စစ်ဆေးခြင်းနှင့် အရေးယူခြင်း တို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ သီးနှံစိုက်ပျိုးမှုတိုးတက်ရန်အတွက် မှန်ကန်သော မြေသြဇာများကို မှန်ကန်သောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးသည် အရေးကြီးသည့်အတွက်လည်း တောင်သူများ၊ ပညာရှင်များ နှင့် သွင်းအားစု တင်သွင်းဖြန့်ဖြူး ရောင်းချသူများအားလုံးက စစ်မှန်သော မြေသြဇာများ အသုံးပြုနိုင်ရေး လုပ်ငန်းများတွင် အတူပူးပေါင်းပါဝင်မှသာ အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် မြေဆီလွှာ၏ ရေရှည်ထုတ်လုပ်မှု စွမ်းအားမြင့်မားရေးအတွက်  နိုင်ငံ တော်ဘက်က မြေသြဇာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေး ခြင်း၊ မြေသြဇာဥပဒေနှင့်အညီ အရည်အသွေး စံချိန်စံညွှန်းပြည့်မီတဲ့ မြေဩဇာများကိုသာ တင်သွင်း ထုတ်လုပ်မှုကို ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်နေသလို တောင်သူများဘက်မှလည်း အရည်အသွေး မပြည့်မီသော မြေသြဇာများကို သုံးစွဲခြင်းဖြင့် ရင်းနှီးမြုပ်နှံမှု ပြန်ရချက်များ နစ်နာဆုံးရှုံးနိုင်ကြောင်းကို နားလည်လက်ခံပြီး မြေဩဇာနဲ့ဆက်စပ်တဲ့ နည်းပညာကို လိုက်နာ ဆောင်ရွက်မှသာ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေသည်သာမက သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက်မှုကိုပါ လျှော့ချနိုင်မည်ဖြစ်ပြီး မြေဆီလွှာများ၏ ထုတ်လုပ်နိုင်စွမ်း ကျဆင်းမှုမရှိပဲ ရေရှည်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

(ဓါတ်ပုံ-အင်တာနက်)

ဆောင်းပါးရှင်-(မေဖြိုးဝေ)

မြေအသုံးချရေးဌာနခွဲ

စိုက်ပျိုးရေးဦးစီးဌာန