ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

              ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို  စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ် ရာ အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယ ဝန်ကြီး ဦးလှကျော် နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

         အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကား ပြောကြား ရာ၌ လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက် ရာ တွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာ မြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်/မမှန် ကို ဦးစွာအဓိကထားပြီး စိစစ် ရ ပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစားမှန်ကန်ပါမှ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်း ထား သည့် အချက်များ နှင့် ကိုက်ညီမှာဖြစ်ပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစား ကိုက်ညီ မှန်ကန်မှု ရှိသော မြေများပေါ်၌ စီမံကိန်းလုပ်ငန်းဆောင်ရွက်စဉ်က ထိခိုက်ပျက်စီးသွားသည့် သီးနှံများ နှင့် လယ်ယာ မြေများအတွက် နည်းဥပဒေပါ ပြဌာန်းချက်ပါအတိုင်း ဒေသ ကာလ ပေါက်စျေး နှင့် သတ်မှတ်နှုန်းထားများဖြင့် ပေးလျော်နိုင်ရေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် က လယ်ယာမြေ ပုံစံ – ၁၂ ဖြင့် စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ၏ သဘောထား မှတ်ချက်ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာခြင်း ဖြစ်ကြောင်း၊ မြေယာ ပိုင်ရှင်များ ကို လျော်ကြေး၊ နစ်နာကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များ အတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိပဲ ခံစားရမည် ဖြစ်သကဲ့သို့  တစ်ဘက်တွင်လည်း နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည့် အတွက် ယခုကဲ့သို့ Covid-19 ကာလအတွင်း  စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုပေးအပ်ရန် ခွင့်ပြု မည့် လျော်ကြေးငွေများသည် နိုင်ငံသားအားလုံး၏ ဘဏ္ဍာငွေများ ဖြစ်သည် နှင့် အညီ လျော်ကြေး ပမာဏကို ထိုက်သင့်သည်ထက် ပိုမိုသွားခြင်းမဖြစ်စေရေး စိစစ်ပေးရန် လိုအပ်ကြောင်း  ဆွေးနွေး ပြောကြားသည်။အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး နှင့် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် အသုံးပြုခဲ့သည့် လယ်ယာ မြေများအတွက် လယ်ယာမြေပိုင်ရှင် တောင်သူများနှင့် မြေရှင်များ နစ်နာမှု မရှိစေရန်  လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာ နှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး များကို အချိန်မီပေးလျော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ က လျော်ကြေး၊ နစ်နာကြေး တွက်ချက် တင်ပြလာသော လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များ၊ လျော်ကြေး၊နစ်နာကြေးစုစုပေါင်း  ကျပ်သိန်းပေါင်း နှစ်သောင်းခြောက်ထောင် ခန့် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အချိန်မီပေးလျော်နိုင်ရေးနှင့် စတင်တော့မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ကျပ်သိန်းပေါင်း လေးသောင်းငါးထောင်ခန့် အလျင်အမြန် ပေးလျော်နိုင်ရေး စိစစ်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကိုဆွေးနွေးဆောင်ရွက်ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွက် စုစုပေါင်း လျော်ကြေးပမာဏ ငွေကျပ် သိန်းပေါင်း ခုနစ်သောင်းကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။