စိုက်ပျိုးပြီးဖြစ်သည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပိုးမွှား ရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင်ရန် စစ်ကိုင်း တိုင်း ဒေသကြီး အတွင်း ရှိ ခရိုင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိ ရာ စက်တင်ဘာ လ၁၅ ရက်နေ့တွင် ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ၊ ခရိုင်မျိူးစေ့တာဝန်ခံ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း နှင့် ဆိပ်ခွန်နယ်မြေ ရှိ ကွင်းဝန်းထမ်းများ က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန် စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ ဒေသရှိ ချီပါကျေးရွာ တောင်သူ ဦးလှထူးအောင် ၏ မိုးစပါးစိုက်ခင်းတွင် ထရိုင်ဂိုဂရားမား ဥကပ်ပါး နဂျီ လွှတ်ခြင်း ကိုလည်းကောင်း၊ ဆိပ်ခွန်ကျေးရွာ တောင်သူ ဦးဝင်းဆွေ ၏ မိုးစပါးစိုက်ခင်းတွင် စပါးကွင်းများအတွင်း ရေခြွေတာသုံးစွဲနိုင်ရေးအတွက် ရေစိုတလှည့် ခြောက်တလှည့် စိုက်နည်း စနစ်(AWD)စမ်းသပ်ကွက်ဆောင်ရွက်ရန် field water tube (စိုက်ကွင်းရေပြွန်) တပ်ဆင်ခြင်း ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး တောင်သူများနှင့်ရင်းနှီးခင်မင်စွာ တွေ့ဆုံကာ လိုအပ် ချက်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာနှင့်ရာဇဂြိုလ်ကျေးရွာတို့တွင် CERP အရ စိုက်ပျိုးထားရှိသော မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအား စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ် ချက် များကို တောင်သူများအား အကြံပြုဆွေးနွေး ခဲ့ကြသည်။
တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တောင်သူများစိုးရိမ်လွန်၍ ဓာတု ဆေးများကို လွဲမှားစွာ အသုံးမပြုရေး ၊ ကြိုတင်ကာကွယ်ခြင်း အနေဖြင့် အသုံးပြုလိုပါက သဘာဝ ပိုးသတ် ဆေးများ ကိုသာ အသုံးပြုရန်နှင့် မြေသြဇာများ စနစ်တကျ အသုံးပြုရန် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။