နယ်သတင်းများ သတင်းကဏ္ဍ

ကယားပြည်နယ် ရေအသုံးချသူများအဖွဲ့ WUGများဖွဲ့စည်းဆောင်ရွက်

ကယားပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန က ထိန်းသိမ်း ထားသော ဆည်၊ကန်၊ရေလှောင်တမံပေါင်း (၃၂)ခုရှိပြီး လယ်မြေဧက (၅၀၀၀၀)ကျော်ကို စိုက်ပျိုးရေ ပေးဝေ လျက်ရှိပါသည်။

အဆိုပါ ဆည်၊ကန်၊ရေလှောင်တမံများ မှ နွေစပါး၊ မိုးစပါး နှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေပေးဝေခြင်းလုပ်ငန်းများ နှင့် ဆည်ရေသောက်စနစ် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား ဌာနနှင့်အတူ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ဆည်ရေသောက် တောင်သူများပါဝင်သည့် ရေအသုံးချသူများအစုအဖွဲ့ (၇၁) ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးဗြဲဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီး၊ လက်ယာ မြောင်းမကြီးနှင့် ငွေတောင်ဆည်ရေပေးတူးမြောင်းများ၏ ရေအသုံးချသူများအစုအဖွဲ့ တောင်သူများ နှင့်အတူဌာနဝန်ထမ်းများစုပေါင်း၍ တူးမြောင်းအတွင်းရှိရေမှော်များ၊ အမှိုက် သရိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေကို လိုအပ်သည့် အချိန်တွင် လိုအပ်သော ပမာဏအား အလေအလွင့်မရှိ ရရှိစေရေးအတွက် ရေလှည့်စနစ်များ ဆွေးနွေးခြင်း၊ ပြုပြင်ထိန်းသိမ်းရမည့် တူးမြောင်းအဆောက်အအုံများနှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခြင်း စသည်တို့ကို အစဉ်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဤကဲ့သို့  မိမိတို့ စိုက်ပျိုးမြေဧရိယာအတွင်း စိုက်ပျိုးရေ ဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံ တို့ကို အကောင်းဆုံးအခြေအနေဖြစ်အောင် ဌာနနှင့်အတူ ရေအသုံးချသူများအစုအဖွဲ့တောင်သူများ ကိုယ်တိုင်ပါဝင်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။