
မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကျန်းမာကြပါစေကြောင်းနှင့် ကပ်ရောဂါဘေးမှ ကင်းဝေးကြ ပါစေ။ ကူးစက်မှုတွေ နည်းပါစေ၊ ထိန်းချုပ်နိုင်ပါစေကြောင်း နဲ့ လယ်ယာလုပ်ငန်းခွင်မှ တောင်သူ လယ်သမား အပေါင်း ကျန်းမာချမ်းသာကြပါစေရန် ရှေးဦးစွာ မေတ္တာပို့သဆုတောင်းအပ်ပါသည်။ ကျနော်တို့ ငယ်ငယ်က ကူးစက် ရောဂါ ကာကွယ် ဆေးတွေ ဖြစ်တဲ့ ပလိပ်ရောဂါ၊ ကျောက် ရောဂါ၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ အဆုတ်ရောဂါတွေထိုးခဲ့လို့ လက်မောင်းက အမာရွတ်လေးတွေဟာ ဘဝတစ်သက်တာ အမှတ်တရ အမှတ် အသားတွေပါပဲ။ မိဘဘိုးဘွားများ ပလိပ်ကပ်ရောဂါဘေးတုန်းက ကြုံတွေ့ရတဲ့ဒုက္ခတွေ၊ သေကြတာတွေ ပြောပြတာ ပြန်လည်ကြားယောင်မိပါတယ်။
ဒီနေ့ ကျနော်တို့အားလုံးဟာလည်း တစ်သက်မှာတစ်ခါဆိုသလို ဒီ COVID-19 ကပ်ရောဂါနဲ့ ကြုံတွေ့ရတာဟာလည်း ကြောက်စရာကောင်းသလို သေဆုံးသူတွေ မိသားစုများအတွက်လည်း စာနာ သနားမိပါတယ်။ (၁၆.၉.၂၀၂၀) နေ့အထိ ကမ္ဘာပေါ်မှ လူဦးရေ (၃၀) သန်းခန့်ဟာ COVID-19 ကပ်ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူ (၉) သိန်းကျော် အထိ ရှိနေပြီး ကျနော်တို့မြန်မာနိုင်ငံမှာလည်း ကူးစက်ခံ ရသူ (၃၆၃၆) ဦးရှိပြီး သေဆုံးသူ (၃၉) ဦး ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီကပ်ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ဖို့ ပြည်သူသာလျှင် အဓိကဆိုတဲ့ဆောင်ပုဒ်နဲ့ နိုင်ငံတော်အစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့များနဲ့ ပရဟိတအသင်းများက ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့် ညွှန်ကြားချက်များနဲ့အညီ အားလုံးဝိုင်းဝန်း ပူးပေါင်း ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြပါတယ်။ COVID ဒုတိယလှိုင်းကို ထိန်းနိုင်ဖို့ တစ်ဦးချင်း /အားလုံး ကိုယ်စီ အသိ/သတိနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း(၅၀) ကျော် နေထိုင်ပြီး ကျေးလက်မှာ (၇၅%) နေထိုင်ကြပြီး ကျေးလက်နေလူဦးရေရဲ့ (၆၈%) ဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်ကြောင်းပြု ဝင်ငွေရှာဖွေ ရှင်သန်နေကြသူများ ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ဒီ COVID ကပ်ရောဂါဖြစ်လို့ လယ်ယာကဏ္ဍတန်ဖိုးကွင်းဆက်တစ်လျှောက် သက်ဆိုင်သူ တောင်သူ လယ်သမား၊ လယ်ယာလုပ်သား၊ ကုန်သည် ပွဲစား၊ Exporter ကြီးများစတဲ့ Stakeholder အားလုံးဟာ အောက်ဖော်ပြပါ စိန်ခေါ်မှုများ (Challenges) နဲ့ ရင်ဆိုင်နေကြရပါတယ်။
(က) | တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးထုတ်လုပ်ရန် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုမပြု နိုင်ခြင်း။ |
(ခ) | တောင်သူလယ်သမား မိသားစုဝင် ပြည်ပမှာ အလုပ်လုပ်သူများထံမှ ရရှိသော ဝင်ငွေများ ရပ်ဆိုင်းသွားခြင်း၊ ပြင်ပ ချေးငွေ အတိုးကြီးမားခြင်း။ |
(ဂ) | ထွက်ရှိတဲ့သီးနှံများ ရောင်းချရန် ဈေးကွက်ပျက်ယွင်းမှုများ ဖြစ်ပေါ်ခြင်း။ |
(ဃ) | ရာသီဥတုဖောက်ပြန်မှု၊ မိုးလို/ မိုးနည်း ၊ရေကြီးမှုများကြောင့် သီးနှံများပျက်စီးခြင်း၊ အထွက်နှုန်း ထိခိုက်လျော့နည်းနိုင်ခြင်း။ |
(င) | တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ တင်းကျပ်သော စိစစ်မှုများ ပြုလုပ်၍ အခက်အခဲများ ဖြစ်ပေါ်ခြင်း။ |
(စ) | Sanitary and Phyto Sanitary Measure များအတွက် အခြေခံအဆောက်အဦး လိုအပ်မှု ရှိခြင်း။ |
(ဆ) | နယ်စပ်မှာ သီးနှံများ ခေတ္တယာယီ သိုလှောင်ရန် အဆင့်မြင့် ဂိုဒေါင်များ လိုအပ်ခြင်း။ |
(ဇ) | အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော သီးနှံပို့ကုန်အရည်အသွေးဆိုင်ရာ ဓါတ်ခွဲခန်းများ လိုအပ်ခြင်း။ |
(ဈ) | သီးနှံများသိုလှောင်ရန် ခေတ်မီသိုလှောင်ရုံစနစ်မရှိသေးခြင်း။ |
ယနေ့နိုင်ငံတော်အစိုးရက ကိုဗစ်စီးပွားရေးကုစာမှုအစီအစဉ်ကို စနစ်တကျရေးဆွဲချမှတ်ပြီး နိုင်ငံတော်ရန်ပုံငွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ချေးငွေ၊ ထောက်ပံ့ငွေများနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျနော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်သူများစားနပ်ရိက္ခာဖူလုံရေးနဲ့ အဟာရပြည့်ဝရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်ဧက (၁) သိန်းအတွက် ကျပ် (၁၄.၉၁) ဘီလီယံ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work အစီအစဉ်အရ ရွာပေါင်း (၂၅၀၅ ) ရွာ အတွက် ကျပ် (၂၅)ဘီလီယံ၊ ကျေးရွာမတည်ရန်ပုံငွေအစီအစဉ်မှ ရွာပေါင်း (၁၇၁၀) အတွက် ကျပ် (၄၂) ဘီလီယံ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁.၄၄) ဘီလီယံ၊ စက်မှုလယ်ယာဦးစီးဌာနမှ (၁.၄၆) ဘီလီယံ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ (၁.၁၄)ဘီလီယံ၊ ငါးလုပ်ငန်းဦးစီးဌာနမှ (၆.၀၆) ဘီလီယံ နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျပ်သန်း(၆၀၀)ကျော် စုစုပေါင်း(၉၂.၆) ဘီလီယံ ကျော် ပံ့ပိုးထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျ။ ဒီအပြင် တောင်သူလယ်သမားများကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အထူးချေးငွေ မိုးစပါးတစ်ဧက (၅) သောင်း နှုန်း ထပ်ချေးပေးလို့ တစ်ဧက (၂) သိန်းနှုန်း ချေးပေးတဲ့ သဘောဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ဟင်းခတ်အမွှေးအကြိုင် စတဲ့သီးနှံစိုက်ဧကဟာ နှစ်စဉ် ဧက(၅၂) သန်းကျော် စိုက်ပျိုးလေ့ရှိပါတယ်။ ယခု ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးမှုကို အောက်ဖော်ပြပါအတိုင်း တင်ပြအပ်ပါတယ်။ ကိန်းဂဏန်းများဟာ (၂.၉.၂၀၂၀) နေ့အထိ စိုက်ပျိုးပြီးစီးမှု များဖြစ်သလို ဆက်လက်စိုက်ပျိုးနေဆဲဖြစ်ပါတယ်။ ယခုနှစ်မိုးဦးရာသီမှာ မိုးရွာသွန်းမှုလျော့နည်းလို့၊ COVID ကလည်းဖြစ်နေလို့၊ လယ်ယာလုပ်သားက လည်း ရှားပါးလို့ စတဲ့အကြောင်းပြချက်များနဲ့ တောင်သူဦးကြီးအများစုဟာ မိုးစပါးစိုက်ပျိုးရာမှာ အခြောက်ကြဲခင်း၊ အစိုကြဲခင်း၊ တိုက်ရိုက်အစေ့ချစိုက်ခင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ခြင်း၊ ကောက်စိုက် စက်အသုံးပြု စိုက်ပျိုးခြင်းစတဲ့ စိုက်နည်းစနစ်အမျိုးမျိုးရှိတဲ့အနက် အခြောက်ကြဲခြင်း၊ အစိုကြဲခြင်း၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းစနစ်ဟာ စိုက်ဧကအားလုံးရဲ့ (၆၅%) ရှိကြောင်း လေ့လာသုံးသပ်တွေ့ရှိ ရပါတယ်။ ဒါကြောင့် ဆန်ကုန်သည်ကြီးများက အထွက်နှုန်း ကျဆင်းလျော့နည်းမှာကို စိုးရိမ်ကြပါတယ်။
ကမ္ဘာပေါ်မှာ ကိုဗစ်-19ကြောင့် စားနပ်ရိက္ခာရှားပါးမှု၊ ငတ်မွတ်မှုများနဲ့ ကြုံတွေ့နိုင်တာတွေကို ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP) က လူဦးရေ(၂၆၅)သန်းခန့် စားနပ်ရိက္ခာမလုံလောက်မှု၊ ငတ်မွတ်မှုနဲ့ ကြုံတွေ့ နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ယခုနှစ် ကိုဗစ်ကာလမှာ ကျနော်တို့နိုင်ငံက ဆန်ကို ပြည်ပကို တင်ပို့ရောင်းချမှု (၄.၉.၂၀၂၀) နေ့ထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းဇယားအရ ဆန်တန်ချိန် (၂.၅)သန်း တင်ပို့နိုင်ပြီး ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် တန်ချိန် (၄) သိန်းကျော် ပိုမို တင်ပို့ ရောင်းချခဲ့တာတွေ့ရှိရပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ဆန်/ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာစတဲ့ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုကို အောက်ပါအတိုင်း တင်ပြအပ်ပါတယ်။ ဒါကြောင့် ဈေးကွက်မှာ Supply နဲ့ Demand ရောင်းလိုအား နဲ့ ဝယ်လိုအား အပေါ်မူတည်ပြီး ဈေးနှုန်းဆိုတာ ဖြစ်တည်တာမို့ တောင်သူဦးကြီးများကို လက်တစ်ကမ်းမှာရှိတဲ့ အခွင့်အလမ်းကို အကျိုးအမြတ်ရအောင် ဖန်တီးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့အတူ အောက်ဖော်ပြပါ မိုးစပါးအထွက်နှုန်း တိုးတက်ရေးနည်းလမ်းများကို ဂရုပြုဆောင်ရွက်ဖို့ အထူးတိုက်တွန်းအပ်ပါတယ်။
(က) | စပါးစိုက်ခင်းအတွင်းရှိ ပေါင်းမြက်စင်အောင် လူဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေး အသုံးပြု၍ လည်းကောင်း ပေါင်းရှင်းပါ။ |
(ခ) | စပါးခင်းအတွင်း အစိုဓါတ်လုံလောက်မှုရှိအောင် နံနက်/ညနေ တစ်နေ့(၂) ကြိမ် ရေစိမ့်ပေါက်၊ ပုဇွန်ပေါက်များမှ ရေစိမ့်ယိုမှုမရှိအောင် စစ်ဆေးပါ။ |
(ဂ) | စပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဌာနမှ ထောက်ခံထားသော ဓါတ်မြေဩဇာ နှုန်းထားများအတိုင်း အချိုးညီ အချိန်ကိုက် ထည့်သွင်းပါ။ |
(ဃ) | စပါးအရွက်တိုင်းကဒ်(LCC) အသုံးပြု၍ နိုင်ထရိုဂျင်ဓါတ်မြေဩဇာလိုအပ်ချက်ကို စစ်ဆေး၍ လိုအပ်ပါက အချိန်မီ ကျွေးပေးပါ။ |
(င) | ပုလဲဓါတ်မြေဩဇာကို အပင်ပွားစီးချိန်နှင့် အနှံမထွက်မှီ (၅) ရက်အလိုတွင် (၂၅) ကီလို (အိတ်ဝက်) နှုန်းစီနှင့် မှိုကပ်ချိန်တွင် ပိုတက်ချ် မြေဩဇာကို တစ်ဧက ၁/၄ အိတ်နှုန်း မဖြစ်မနေ ထည့်ပေးပါ။ |
(စ) | ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ ကွင်းဆင်းကင်းထောက်မှတ်တမ်းကောက်ပြီး လိုအပ်ပါက ပိုးသတ်ဆေးပက်ဖြန်းကာကွယ်နှိမ်နင်းပါ။ |
(ဆ) | စိုက်ခင်းအတွင်း ရေအလေအလွင့်မရှိအောင် ထိန်းသိမ်းပါ။ အောင်ရေထိန်းပါ။ (ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို အထူးသတိပြုပါ)။ |
(ဇ) | စပါးနှံ ၈၅ % ခန့် ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်မရှိအောင် ရိတ်ချွေစက် အသုံးပြု၍ ရိတ်သိမ်းပါ။ |
(ဈ) | ရိတ်သိမ်းချိန်တွင် ကြုံတွေ့ရတတ်သော အခါလွန်မိုးရွာသွန်းလျှင် စပါးခင်းမှ ရေကို မြန်မြန် ထွက်အောင် ရေထုတ်ပါ။ စိမ့်မြောင်း၊ ပတ်မြောင်းများ ဖောက်ထားပါ။ |
(ည) | ဆန်အရည်အသွေးကောင်းမွန်အောင် အခြောက်ခံစက်(သို့မဟုတ်) တလင်းမှာ နေလှန်း၍ စပါး အစိုဓါတ် (၁၃-၁၄)ရာခိုင်နှုန်း ရအောင် အခြောက်ခံပါ။ |
လယ်သမားအများစုဟာ မိုးစပါရိတ်ပြီးရင် ပဲတီစိမ်း၊ မတ်ပဲ သီးနှံတွေကို သီးထပ်စိုက်ပျိုးကြတာမို့ အနားက ဝယ်လိုအားများတဲ့ အိန္ဒိယရဲ့ လိုအပ်ချက်၊ တရုတ်ရဲ့ လိုအပ်ချက်နဲ့ GAP ပဲတွေကို EUနိုင်ငံများက ဝယ်လိုအားတွေ ရှိနေတာကြောင့် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ် လိုက်နာကျင့်သုံးပြီး စိုက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ကျနော်တို့ လယ်သမားတွေ ကိုဗစ်-19 ကပ်ရောဂါကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်၊ ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရင်း မိမိရဲ့ မိုးစပါးအထွက်နှုန်း မလျော့နည်းစေဘဲ အထွက်တိုးဘို့၊ ပဲသီးထပ်တွေ GAP စနစ်ကျင့်သုံးပြီး စိုက်ကြဘို့၊ ဒီနှစ်မိုးနည်းလို့ ရေကိုအကျိုးရှိအောင်သုံးစွဲထိန်းသိမ်းဖို့နဲ့ အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုများထဲက အခွင့်အလမ်းကို အမိအရ လှမ်းကိုင်ပြီး တောင်သူဝင်ငွေတိုးတက်ရေး၊ ပြည်ပပို့ကုန်ပိုမိုတင်ပို့ပို့နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ပါရပါတယ်ခင်ဗျာ။—– အားလုံးကျန်းမာချမ်းသာကြပါစေ။
ဆောင်းပါးရှင် – အေးကိုကို
(ဒုတိယညွှန်ကြားရေးမှူးချုပ် – စိုက်ပျိုးရေးဦးစီးဌာန)