သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

NFASP ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့် ပတ်သက်၍ လူထု၏ သဘောထား ရယူသည့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း(NFASP) ၏ သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်ပတ်သက်၍ လူထု၏ သဘောထား ရယူသည့် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ် ကို စက်တင်ဘာ ၁၅ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ World Bank Team Leader ဖြစ်သူ Ms.Mio Takada ၊ စီမံကိန်း ဒါရိုက်တာ နှင့် ဆည်မြောင်း ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သမဝါယမကဏ္ဍ များမှ  တာဝန် ရှိသူများ၊ နေပြည်တော် နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနများ မှ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ လယ်ယာကဏ္ဍဆိုင်ရာ အသင်း အဖွဲ့များ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စီမံကိန်း အကျိုး ကျေးဇူး ခံစားရမည့်သူများ စုစုပေါင်း ၁၄၀ ခန့် ပါဝင်ဆွေးနွေးကြသည်။

ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း(၂၀၀)ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်မည့် မြန်မာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုး မွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်း (NFASP) ကို စိုက်ပျိုးရေး ဂေဟဇုံအလိုက် စိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်လာစေရန် နှင့် သီးနှံအမယ်စုံ ပိုမိုစိုက်ပျိုးလာနိုင်စေရန် ၊ တန်ဖိုး ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး စျေးကွက်ခိုင်မာလာစေရန် ၊ ဖြစ်ပေါ် လာသော အရေးပေါ် အခြေအနေများနှင့် ဘေးဒုက္ခများကို သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်တို့ကို ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ အဆိုပါ စီမံကိန်း အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့်ပက်သက်၍ လူထု၏ သဘောထား ရယူနိုင်ရန် စက်တင်ဘာ ၁၅ ရက်မှ ၂၅ ရက်အထိ (၇)ကြိမ်ခွဲ၍ တိုင်းဒေသကြီး ပြည်နယ်အလိုက် အွန်လိုင်းစနစ်ဖြင့် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ဆွေးနွေး ပွဲတွင် နေပြည်တော် နှင့် ရှမ်းပြည်နယ်တို့မှ ပါဝင်ဆွေးနွေးကြသကဲ့သို့ စက်တင် ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး ၊ စက်တင်ဘာ ၂၁ ရက် နေ့တွင် မကွေးတိုင်းဒေသကြီး နှင့် ကယားပြည်နယ်၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး နှင့် ကချင်ပြည်နယ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး နှင့် မွန်ပြည်နယ်၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး တို့နှင့် ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။