စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အဖွဲ့သည် စက်တင်ဘာလ (၁၂)ရက်နေ့နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား ၊အိုးဖို နှင့် မြေဇွန်း ကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့်တွေဆုံကာ သီးနှံများ စိုက်ပျိုးလုပ်ကိုင်နေမှု နှင့် လက်ရှိအခြေအနေများကို မေးမြန်းဆွေးနွေးကြသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဦးစီးမှူး နှင့် တာဝန်ရှိသူများက ဆွေးနွေးပြော ကြားရာတွင် ရာသီဥတုပြောင်းလဲ သက်ရောက်လာမှုနှင့်အတူ မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် မြေတွင်း အစိုဓာတ်လျော့နည်းခြင်း၊ စိုက်ပျိုးမြေများတွင် မြေဆီမြေနှစ်များလျော့နည်းလာခြင်းကြောင့် အစိုဓာတ်မထိန်းနိုင်ခြင်း စသည့်ပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် ရေချွေတာသုံးစွဲရေး နှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်း ဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန် လိုအပ်ချက်များကိုလည်းကောင်း ၊ သဘာဝမြေဩဇာများ နှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ ကို လည်းကောင်း ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးအသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကိုလည်းကောင်း ပညာပေးဆွေးနွေးခဲ့ကြသည်။ တိုင်းဒေသကြီးဦးစီးမှူး နှင့် အဖွဲ့သည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကမ်းနီကျေးရွာ တောင်သူ ဒေါ်ဆွေ ၏ စိုက်ခင်းတွင် နှမ်းမျိုးစေ့ချစိုက်စက်ဖြင့် ဆောင်းနှမ်းသီးနှံ စိုက်ပျိုးနေမှု ကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိုးကောင်းသောက်ဧရိယာများရှိ တောင်သူများအနေဖြင့် ဩဂုတ်လ နှင့် စက်တင်ဘာလပထမပတ်အတွင်း ရွာသွန်းခဲ့သောမိုးရေဖြင့် ဆောင်းသီးနှံများ စတင် စိုက်ပျိုးကြလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် စိုက်ပျိုးပညာပေး ပညာရှင်များပါဝင်သောအဖွဲ့ က နည်းပညာ အကူအညီ နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စိုက်ကွင်းများအရောက် ကွင်းဆင်း ကြည့်ရှု အားပေးကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်သူများ၏ ပြောကြားချက်အရ နှမ်းစိုက်ပျိုးရာတွင် နှမ်းမျိုးစေ့ချစက် ကို အသုံးပြု၍ စိုက်ပျိုးကြပြီး ဌားရမ်းခအနေဖြင့် တစ်နာရီလျှင် (၁၂၀၀၀)ကျပ် မှ (၁၄၀၀၀)ကျပ် ပေးချေရကြောင်း၊ အကွက်အနေအထားပေါ်မူတည်၍ တစ်နာရီလျင် (၁)ဧက မှ (၁.၅)ဧကခန့် စိုက်ပျိုးပြီးစီးသဖြင့် လုပ်သား အခက်အခဲရှိသည့် ဒေသများနှင့်အထူးသင့်လျော်၍ အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးနိုင်သောကြောင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ နှမ်းမျိုးစေ့ချသည့် Kubota ထွန်စက်ငယ်အား တန်ဘိုးငွေ (၈၀)သိန်းဖြင့် (၂)နှစ် အရစ်ကျဝယ်ယူခဲ့ကာ မိမိပိုင်စိုက်ခင်း၌ သုံးစွဲပြီး အခြားတောင်သူများ ကို အငှားလိုက် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါစက်ကို မြေပဲသီးနှံနှင့် နှမ်းသီးနှံများ စိုက်ပျိုးရာ တွင် ငှားရမ်းသုံးစွဲကြပြီး အချိန်တိုအတွင်းလုပ်ငန်းများ လျင်မြန်စွာပြီးမြောက်မှုကြောင့် နှစ်ဦးနှစ်ဘက် အဆင်ပြေကြကြောင်း နှမ်းမျိုးစေ့ချစိုက်စက် အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကမ်းနီကျေးရွာ မှ ဦးအောင်ကြိုင် ၏ ပြောသည်။
တိုင်းဒေသကြီးဦးစီးမှူး နှင့် အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကူအညီများလိုအပ်ပါက အလွယ်တကူဆက်သွယ် ဆောင်ရွက်နိုင်ကြရန် တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများ၏ ဖုန်းနံပတ်များ နှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center လိပ်စာကဒ်များ ၊ ကျန်းမာရေးနှာခေါင်းစည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။