သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ယနေ့အထိ အသေးစားစက်မှုလက်မှု လုပ်ငန်းပေါင်း (၁၅၃၀၆)ခု မှတ်ပုံတင် ခွင့်ပြုပြီး

             စက်တင်ဘာလ(၈)ရက်နေ့ က နေပြည်တော် ရုံးအမှတ်(၁၆)၌ ကျင်းပပြုလုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အတွက် မှတ်ပုံတင်လုပ်ငန်းများ ကြီးကြပ် စိစစ်ရေး အဖွဲ့  အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၉-၂၀၂၀) က တိုင်းဒေသကြီး/ပြည်နယ်များ မှ တင်ပြ လာသော လုပ်ငန်း မှတ်ပုံတင်လျှောက်လွှာ(၁၀၁)စောင်အား စိစစ်၍ မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေအရ အသေးစားစက်မှုလက်မှု လုပ်ငန်းများစနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး နှင့် လုပ်ငန်း မှတ်ပုံတင်လုပ်ငန်းများ ကြီးကြပ် စိစစ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စက်မှုထုတ်ကုန်သမဝါယမအသင်းများဖွဲ့စည်း ဆောင်ရွက်ရေးလုပ်ငန်းများ ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများ သုံးစွဲနိုင်ရေး နှင့် သက်မွေး ပညာ ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က ပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများအရ လုပ်ငန်းအမျိုး အစား (၁၃)မျိုးခွဲခြား၍ လုပ်ငန်း မှတ်ပုံတင်များ ထုတ်ပေးခဲ့ရာ ယနေ့အထိ လုပ်ငန်းပေါင်း (၁၅၃၀၆)ခု ရှိကြောင်း၊ လုပ်ငန်းမှတ်ပုံတင် လျောက်ထားလိုသူများအနေဖြင့် လုပ်ငန်းတည်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများတွင် အလစပုံစံ(၁) ဝယ်ယူ ဖြည့်သွင်းလျောက်ထားနိုင်ပါကြောင်း  ညွှန်ကြားရေးမှူးချုပ် က ဆက်လက်ပြောကြား သည်။

ဒေသအသီးသီးက လျောက်ထားလာသည့် စားသောက်ရေး ၊ ဝတ်ဆင်ရေး ၊ နေထိုင်ရေး၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ပုံနှိပ်နှင့်စာအုပ်၊ ကုန်ကြမ်းပစ္စည်း၊ သတ္တု-ရေနံ၊ စိုက်ပျိုးရေး၊ စက်နှင့် စက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေစက်မှုလက်မှု စသည့် လုပ်ငန်း(၁၃)မျိုး နှင့်ပတ်သက်သည့် လုပ်ငန်းမှတ်ပုံတင်လျှောက်လွှာများ ကို မှတ်ပုံတင် လုပ်ငန်းများ ကြီးကြပ် စိစစ်ရေးအဖွဲ့ အစည်းအဝေး က စိစစ်ဆွေးနွေးဆုံးဖြတ်ပြီး မှတ်ပုံတင် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အလစပုံစံ(၁)သုံးစုံ နှင့်အတူ လူသုံးကုန်၊အလှကုန်နှင့် အစားအသောက် လုပ်ငန်းများ အတွက် ဓါတ်ခွဲခန်းစမ်းသပ်မှုရလဒ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးဝါးဖြစ်ပါက တိုင်းရင်းဆေးပညာဦးစီးဌာန က ထုတ်ပေးသော လိုင်စင် နှင့် မှတ်ပုံတင်လက်မှတ်များ ဖြင့်လည်းကောင်း၊ သစ်အခြေပြု အသေးစားစက်မှုလက်မှု လုပ်ငန်း တွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ် လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းဖြစ်ပါက သစ်စက်/ သစ်ဆိုင် မှ ဝယ်ယူသော တရားဝင်သစ်ပြေစာ ဖြင့်လည်းကောင်း၊ အခြားထုတ်ကုန်များအတွက် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ဖြင့်လည်းကောင်း ပူးတွဲ တင်ပြရန် လိုအပ်မည် ဖြစ်ကြောင်း၊ လျှောက်လွှာလက်ခံရရှိသောလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး မှတ်ပုံတင် လုပ်ငန်းများ ကြီးကြပ် စိစစ်ရေး အဖွဲ့ အစည်းအဝေး သို့ ပေးပို့တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။