နယ်သတင်းများ သတင်းကဏ္ဍ

တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့်တာဝန်ရှိသူများ သစ်သီးဝလံ စိုက်ပျိုး ရောင်းချသည့် တောင်သူများ နှင့် တွေ့ဆုံ ၊ CERP မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအား ကြည့်ရှု စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိူးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အဖွဲ့သည် စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်မာမာအောင် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ လ (၉)ရက်နေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ညောင်ပင်ဝန်းကျေးရွာ ၌ ငှက်ပျော၊ သင်္ဘောနှင့် သစ်သီးဝလံမျိုးစုံအား တပိုင်တနိုင် စိုက်ပျိုးရောင်းချနေသည့် တောင်သူများအားတွေ့ဆုံ၍ စျေးကွက်တင်ပို့ ရောင်းချမှုအခြေအနေများအား မေးမြန်းဆွေးနွေးသည်။တောင်သူများနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဦးစီးမှူး က GAP ကျင့်စဉ်ကို လိုက်နာကျင့်သုံးခြင်း ဖြင့် အစားအစာဘေးကင်းလုံခြုံမှု နှင့် စျေးကွက်အလားအလာများကိုလည်းကောင်း၊ အရည် အသွေးကောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မြေသြဇာ ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေး သွင်းအားစုများ စနစ်တကျ သုံးစွဲရေး ဆိုင်ရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေး ပြောကြားပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ချိတ်ဆက်မေးမြန်းနိုင်ရန် စိုက်ပျိုး ရေး ဦးစီးဌာန Call Center လိပ်စာကဒ်များ နှင့် တောင်သူများအသုံးပြုရန် ကျန်းမာရေး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မြင်းမူမြို့နယ် သစ်သီးဝလံများ တပိုင်တနိုင် စိုက်ပျိုးရောင်းချသူများ အနေဖြင့် ညောင်ပင်ဝန်း၊ မောင်းထောင်၊ သပြေသာကျေးရွာများ တွင် ကိုယ်တိုင်စိုက်ပျိုးရောင်းချခြင်း၊ တဆင့်ဝယ်ယူ ရောင်းချ ခြင်းများ လုပ်ကိုင်နေကြပြီး ပန်းသီး၊ ချင်းတောင်ပန်းသီး နှင့် သလဲသီးများ ကို မန္တလေး မြို့ရှိ သစ်သီးပွဲရုံ များက လာရောက်ဝယ်ယူကြကြောင်း၊ ဒေသထွက်သီးနှံများ ပုံမှန်ရောင်းချ နေသော်လည်း လတ်တလော တွင် ကားအသွားအလာနည်းသဖြင့် ပုံမှန်အောက် ရောင်းအား လျော့နည်းလျက် ရှိကြောင်း၊ သို့သော်လည်း စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ အလုပ် အကိုင် အခွင့်အလမ်း ကို ထိခိုက်မှုမရှိပဲ ပုံမှန်လည်ပတ်လျက် ရှိကြောင်း ဒေသခံ စိုက်ပျိုး ရောင်းချသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

တိုင်းဒေသကြီးဦးစီးမှူး နှင့်အဖွဲ့သည် ပျော့ရွာမြစ်ရေတင် စီမံကိန်းဧရိယာရှိ တောင်သူ ဦးဝင်းလှိုင် ၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၃)ဧကတွင် CERPအရ ဧရာမင်းမျိုးစပါးများကို SRIစနစ်ဖြင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်း က မြင်းမူမြို့နယ်၏ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် တိုင်းဒေသကြီးဦးစီးမှူး က CERPအရ စိုက်ပျိုးဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရေး၊ မျိုးစေ့ထုတ် လုပ်ငန်းစဉ် များ နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းသည် သက်တမ်း(၂) လခန့်ရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် ပင်ပွား (၂၅) မှ (၃၀) အထိရှိပြီး ပိုးမွှားရောဂါကင်းစင်ကာ အပင်ဖြစ်ထွန်းမှု ကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

အလားတူ မြောင်မြို့နယ် ကျောက်ရစ် ကျေးရွာနည်းပညာပြန့်ပွားရေးစင်တာ၊ တွင်းကြီး နည်းပညာ ပြန့်ပွားရေးစင်တာ နှင့် တွင်းကြီး လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာများအတွင်း CERP အရ စိုက်ပျိုးထား သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။တိုင်းဒေသကြီးဦးစီးမှူး နှင့်အဖွဲ့သည် တောင်သူများနှင့် ဒေသနေပြည်သူများ၏ စားဖိုဆောင် သီးနှံစိုက်ခင်းများဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ တိုင်ထောင်ပဲ၊ ငရုပ် နှင့် စိုက်ပျိုးထားရှိမှု အခြေအနေများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာမှ ပေါင်းရှင်းအဌားလိုက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော လုပ်သားများနှင့် တွေ့ဆုံ၍ အလုပ်အကိုင် အခြေအနေများ မေးမြန်းကာ အားပေးစကားပြောကြားပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ချိတ်ဆက်မေးမြန်းနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center လိပ်စာကဒ်များ နှင့် တောင်သူများအသုံးပြုရန် ကျန်းမာရေး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မြောင်မြို့နယ်အတွင်း သီးနှံစိုက်ခင်းများအား ပေါင်းရှင်းခြင်း၊ ပေါင်းပေါက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လိုသည့် တောင်သူကြီးများအနေဖြင့် ပေါင်းရှင်းအငှားလိုက် ဝန်ဆောင်မှုလုပ်ငန်း ကြီးကြပ် ဆောင်ရွက်သူထံသို့ ဖုန်းဖြင့်ချိတ်ဆက်၍ လိုအပ်သည့်ပေါင်းရှင်းလုပ်သားများအား အလွယ်တကူ ဆက်သွယ် ခေါ်ယူနိုင်သည့် အတွက် သီးနှံစိုက်ခင်းများ ပေါင်းရှင်းခြင်း လုပ်ငန်း အား အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြကြောင်းနှင့် ဒေသခံလုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျှက် ရှိကြောင်း တွင်းကြီးကျေးရွာ ပေါင်းရှင်းအငှားလိုက် ဝန်ဆောင်မှု လုပ်ငန်းကြီးကြပ်ဆောင်ရွက်သူ ဒေါ်ညို ၏ ပြောကြားချက်အရ သိရှိရပါသည်။