နယ်သတင်းများ သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီး ၌ COVID 19 ကာလ အတွင်း စားဖိုဆောင် သီးနှံများ ပုံမှန်တင်ပို့ရောင်းချလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် မိသားစု အိမ်ခြံဝန်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ CERP အစီအစဉ် ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ နှင့် ထောပတ်ပဲ၊ မြေပဲ စိုက်ခင်းများ ကို ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူများ၏ လိုအပ် ချက်များကို တွေ့ဆုံမေးမြန်းသည်။ တောင်သူများနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဦးစီးမှူး က ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း စနစ် ကျင့်သုံးရေး ၊ ဘူကာရှီမြေဆွေး ပြုလုပ်သုံးစွဲရေး လိုအပ်ချက်များကို နည်းပညာပေး ဆွေးနွေးပြီး တောင်သူများအား ကျန်းမာရေးနှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် တိုင်းဒေသကြီးဦးစီးမှူး သည် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ဝက်တိုး ကြားစခန်းနှင့် ဒီပဲယင်းမြို့နယ်၊ မဲသီ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့်  Seed Center (Type C) မျိုးစေ့သန့်စင်စက်များနှင့် ကွန်ကရစ်တလင်း တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေးခဲ့ပြီး တာဝန်ယူတည်ဆောက်လျက်ရှိသော ကုမ္ပဏီများမှ အင်ဂျင်နီယာများနှင့် တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးရေးနှင့် စံနှုန်း သတ်မှတ်ချက် အရည်အသွေးပြည့်မှီရေး ဆွေးနွေးခဲ့ပါသည်။

အဆိုပါ မျိုးစေ့သိုလှောင်ရုံများသည် ဒေသတွင်းမျိုးစေ့ထုတ်တောင်သူများ၏ မျိုးစေ့များ ကို သန့်စင်သိုလှောင်ပေးမည်ဖြစ်ပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက် ပျိုးရေးဦးစီးဌာနရုံးချုပ်က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး သည် ရွှေဘိုကားလမ်းဘေး ဖရဲ၊ သခွားမွှေး ထုတ်လုပ် ရောင်းချနေသော တောင်သူများအား ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ မိသားစုများ၏ ကျန်းမာရေး လူမှုရေးများ၊ စိုက်ပျိုးလုပ်ကိုင်မှု အခြေအနေ ၊ စျေးကွက်အခြေအနေများကို မေးမြန်းပြီး တောင်သူများအား နည်းပညာရပ်ဆိုင်ရာအကြံဉာဏ်များဆွေးနွေးပြောကြားပြီး ကျန်းမာရေး နှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ ပေးအပ်ခဲ့သည်။

လိုအပ်သောမျိုးစေ့များရရှိရေး၊ GAP   စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရှင်ဝန်ထမ်းများက နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း မကျီးတုံရွာ တောင်သူများအနေဖြင့် ကိုယ်ပိုင်စက်ရေတွင်းများ တူးဖော်၍လည်းကောင်း၊ မိုးရေဖြင့် လည်းကောင်း စိုက်ပျိုးကြပြီး ဒေသတွင်းစျေးကွက် သို့သာ အဓိကထား၍ ရောင်းချကြ ကြောင်း၊ မျိုးကောင်းမျိုးသန့်များ ဝယ်ယူစိုက်ပျိုးခြင်း၊ ဓါတုဆေးများ လျော့ချသုံးစွဲခြင်း ကြောင့် အရည် အသွေးကောင်း အထွက်ကောင်းကာ နေ့စဉ်ရောင်းချနေ၍ ဝင်ငွေ ရရှိကြောင်း ဖရဲ၊သခွား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသော တောင်သူ ဦးမျိုးလွင်အောင် က ပြောသည်။

အလားတူ တိုင်းဒေသကြီးဦးစီးမှူး သည် ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာ၊ အင်းပတ်ကွေ့ တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် ရောင်းချ သူများ၊ သရက်ပင်စုစံပြကျေးရွာ မှ ဖူးစား ပြောင်းစိုက်ပျိုးရောင်းချနေသည့် တောင်သူများ အား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်ချက်များမေးမြန်းဆွေးနွေး ခဲ့သည်။

 ခင်ဦးမြို့နယ် အတွင်း၌ COVID 19 ကာလအတွင်း စားဖိုဆောင် သီးနှံများ စိုက်ပျိုး ရောင်းချမှု အခြေအနေ မှာ စျေးများသို့ ပုံမှန်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယုတ်လျော့မှု မရှိဘဲ အရောင်းအဝယ် ပုံမှန်ဖြစ်လျက် ရှိကြောင်း သိရသည်။