နယ်သတင်းများ သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်၊မွေး၊ကျေးစီမံကြီးကြပ်ရေးအဖွဲ့ ၏ သဖန်းဆိပ်ဆည်ရေပေးဝေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သဖန်းဆိပ်ဆည် ၏ ယခုနှစ် မိုးစပါးအောင်ရေပေးဝေနိုင်မည့် အခြေအနေနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာ၊ ကျေးလက်နှင့် သမဝါယမကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို စက်တင်ဘာလ(၇)ရက်နေ့ နံနက်ပိုင် က Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ နှင့် သုတေသန ပညာရှင်များ၊  ခရိုင်နှင့် မြို့နယ်အဆင့်စီမံကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြသည်။

လက်ရှိတွင် သဖန်းဆိပ်ဆည်၌ ရေသိုလှောင်ပမာဏ(၅၇၀၀၀၀)ဧကပေ ရှိပြီး ယမန်နှစ် က တစ်နေ့ပျမ်းမျှဝင်ရေ ဧကပေ(၉၀၀၀)ရှိခဲ့သော်လည်း ယခုနှစ် တစ်နေ့ပျမ်းမျှဝင်ရေ ဧကပေ (၃၈၈၉) ခန့်သာရှိသဖြင့် ဝင်ရေသိသာစွာလျော့ကျလာလျက်ရှိကြောင်း ၊ ဖြည့်စွက်ရေနှင့် အောင်ရေများကို  ချွေချွေတာတာ သုံးစွဲနိုင်မှသာ လျာထားဧက(၄၂၀၀၀၀)ဧက ပြည့်မီနိုင်မည် ဖြစ်ကြောင်း ၊ ရွှေဘိုခရိုင်တွင် မိုးစပါးဧက(၆၇၀၀၀၀)ကျော် လျာထားပြီး (၄၂၀၀၀၀)ကျော် စိုက်ပျိုးပြီး ဖြစ်၍ (၂၅၀၀၀၀)ဧကကျော် စိုက်ပျိုးရန် ကျန်ရှိနေကြောင်း၊ မိုးကောင်းသောက်အနေဖြင့် မိုးစပါး(၁၅၀၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်သည့်အတွက် (၁၀၀၀၀၀)ဧကကျော် ကျန်ရှိကြောင်း၊ ဆည်ရေသောက်စိုက် ဧရိယာအနေဖြင့် မိုးစပါး(၃၉၀၀၀၀)ဧကကျော်လျာထားပြီး (၂၅၀၀၀၀)ဧကကျော်စိုက်ပျိုးပြီး ဖြစ်သည့် အတွက် (၁၃၀၀၀၀)ဧကကျော် စိုက်ပျိုးရန် ကျန်ရှိကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး ၌ မိုးသီးနှံစိုက်ဧက ၅၃၁၅၉၇၉ ဧက နှင့်ဆောင်သီးနှံ ၄၃၇၂၃၉၇ ဧကစိုက်ပျိုးမည်ဖြစ်၍ သီးနှံစုံစုစုပေါင်း ၉၆၈၈၃၇၆ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ CERP အရ မိုးစပါး မျိူးစေ့ထုတ်ဧရိယာ (၁၇၆၃၈) ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက်(၁၈၂၀၅)ဧကပြည့်မီရန် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျန်ရှိ မိုးစပါး မျိူးစေ့ထုတ်ဧရိယာ ၅၆၇ ဧက စိုက်ပျိုးရန် ပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် သဖန်းဆိပ်ဆည်ရေကို အဓိက အားထားနေရလျက်ရှိရာ လက်ရှိသက်ရောက်လာသည့် ရာသီဥတုအခြေအနေများအရ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမရှိစေရေး အတွက် မြို့နယ်အလိုက် စိုက်ပျိုးရေ ချွေတာသုံးစွဲရန် Water User Group များနှင့် ပူးပေါင်း၍ တစ်ရွာချင်း ပညာပေး ဟောပြောဆွေးနွေးခြင်း၊ စိုတလှည့် ခြောက်တခါနည်းစနစ်ဖြင့် စိုက်ပျိုးကြရန် တောင်သူများ အား အသိပေး စည်းရုံး ဟောပြောခြင်းလုပ်ငန်းများကို  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။