ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ Master Plan ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန CERP လုပ်ငန်းစီမံကိန်း များ၏ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် (၁၅) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရ လယ်ယာသားငါး ကုန်ထုတ်လုပ်မှု မထိခိုက်စေရေးနှင့် ကျေးလက်နေ ပြည်သူ များအား ထောက်ပံ့ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေ အနေများနှင့်  ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စားနပ်ရိက္ခာ နှင့် အာဟာရ ဖူလုံရေး လုပ်ငန်းများအပြင် လက်ရှိကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် လယ်ယာကုန်ထုတ်လုပ်မှု လျော့ကျခြင်းမဖြစ်ပေါ်စေရန် နှင့် တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန် အလေးထား အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့သည့် နည်းတူ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များ တွင်လည်း ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက် နိုင်‌ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ကိစ္စရပ်များ ကိုလည်းကောင်း၊  မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) နှင့် ချိတ်ဆက်၍ စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့ တင်ပို့ရေး အစီအမံများပါဝင်သည့် Master Plan ရေးဆွဲရေးတို့ကို ဌာနအားလုံး ပူးပေါင်းပါဝင်ကြရန် ကိစ္စရပ်များကိုလည်းကောင်း တိုက်တွန်းပြောကြားသည်။   

Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေး အတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်“(CERP)တွင် စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှု မလျော့ကျစေရေး လုပ်ငန်းများအဖြစ် (CERP- ၂.၁.၇(ခ)) အရ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက(တစ်သိန်း) အတွက် ကျပ်သန်း(၁၄၉၁၁ ဒဿမ ၃၃) ဖြင့်လည်းကောင်း၊ ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၁၇၀၀)ရွာအတွက် ကျပ်သန်း(၄၂,၀၀၀) ဖြင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော မျိုးငါးနှင့် ငါးသားပေါက်များ ဖြန့်ဖြူး ခြင်းကို ငါးမွေးကန် ဧက (၁၅၀,၀၀၀) အတွက် ကျပ်သန်း (၆,၀၀၀) ဖြင့်လည်းကောင်း၊ လယ်ယာသုံး စက် ကိရိယာဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ကျပ်သန်း (၁၂၅၆ ဒဿမ ၈၅) ဖြင့် လည်းကောင်း၊ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ Cash For Work(CFW) စီမံကိန်းကို ကျေးရွာ (၂၄၈၈)ရွာ အတွက် ကျပ်သန်း (၂၅,၀၀၀) ဖြင့် လည်းကောင်း၊ မြို့နယ်(၁၀၀)၌ ကျပ်သန်း (၁,၄၄၀)သန်း အသုံးပြု၍ မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ကျပ်သန်း (၆၀ ဒဿမ ၇၇) အသုံးပြု၍ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံရေး သင်တန်းများကို လည်းကောင်း၊ လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ်မြောင်းများ၊ ရေငန်တားတာများ ပြုပြင်ခြင်း အတွက် ကျပ်သန်း (၁၁၃၈ ဒဿမ ၈၁) ဖြင့်လည်းကောင်း၊ လယ်ယာဝန်‌‌ဆောင်မှု လုပ်ငန်းများအတွက်  ကျပ်သန်း (၂၀၄) ဖြင့် လည်းကောင်း၊ ကျပ်သန်း (၆၀၀ ဒဿမ ၂၁) အသုံးပြု၍ သင်တန်းသား (၉၀၀၀)အတွက် အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ Cash For Job Training သင်တန်းအကြိမ်ရေ (၃၀၀) ကိုလည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်ခဲ့ရာ၌ လုပ်သားခများကို အဓိကထား၍ ဝင်ငွေ ရရှိရေးလုပ်ငန်းများ အား ဦးစားပေးဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ စျေးကွက်အသီးသီးသို့ ကုန်စည်စီးဆင်းမှုများ သွက်လက် ချောမွေ့ စေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဆက်စပ် ဝန်ကြီး ဌာနများ နှင့်အတူ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ပတင်ပို့မှု နှင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများတွင် လယ်ယာသားငါးထွက်ကုန်များ၏ အရည်အသွေး စစ်ဆေးခြင်း၊ ထောက်ခံ ချက်လက်မှတ်ထုတ်ပေးခြင်းများကို အချိန်နှင့်တပြေးညီဖြစ်စေရန် ဆောင်ရွက်‌ပေး နိုင်ခဲ့ကြောင်း သိရသည်။