သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေး Call Center က အချိန်နှင့်တပြေးညီ ပြန်လည် ဖြေကြားပေးခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိ 

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန သည် မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် အဓိကပါဝင်နေသော တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများ နေ့စဉ်ကြုံတွေ့ နေရသော စိုက်ပျိုးရေး ဆိုင်ရာ အခက်အခဲပြဿနာများကို နည်းပညာအရ ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး ဦးစီးဌာန Call Center ကို  နေပြည်တော် ရုံးအမှတ် (၄၃)၌ ဖွင့်လှစ်ထားရှိရာ (၁-၇-၂၀၁၇) မှ (၃၁-၈-၂၀၂၀)နေ့ထိ Hot line ဖြင့် ၁၂၃၈ ကြိမ် ၊ Viber ဖြင့် ၁၅၈၇ ကြိမ် ၊ Facebook ဖြင့် ၁၄၂၅ ကြိမ် ၊ ကြိုးဖုန်း ဖြင့် ၁၀၈၅ ကြိမ် စုစုပေါင်း (၅၃၃၅)ကြိမ်တွင် သီးနှံကာကွယ်ရေးဆိုင်ရာ ၁၀၀၀ ခု ၊ မြေအသုံးချရေးဆိုင်ရာ ၅၄၄ ခု ၊ မျိုးစေ့ ဆိုင်ရာ ၂၆၄ ခု ၊ စိုက်ပညာ ဆိုင်ရာ ၁၂၁၀ ခု ၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ ဆိုင်ရာ ၇၈၃ ခု ၊ စက်မှုသီးနှံ ဆိုင်ရာ ၄၃၂ ခု ၊ အထွေထွေ ဆိုင်ရာ ၁၁၀၂ ခု တို့ မေးမြန်းဖြေကြားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဌာနခွဲများမှ ဝန်ထမ်း(၄၉)ဦး ကို အဖွဲ့(၁)ဖွဲ့ လျှင်(၇)ဦးနှုန်းဖြင့် Call Center ဖြေကြားသူများအဖြစ် ဖွဲ့စည်း တာဝန်ချထားကြောင်း၊ တနင်္လာနေ့ မှ သောကြာနေ့ အထိ တစ်ပတ်လျင် တစ်ဖွဲ့စီ အလှည့်ကျ တာဝန်ထမ်းဆောင်ကြပြီး ပညာရှင်အရာထမ်း(၁၂)ဦး ကို Contact Person အဖြစ် တာဝန်ပေးထားကာ Call Center က မေးမြန်းလာသော မေးခွန်းများကို သက်ဆိုင်ရာ ဌာနခွဲအလိုက် Contact Personများ နှင့် ချိတ်ဆက်ပြီး အလှည့်ကျဝန်ထမ်းများ က အချိန်နှင့်တပြေးညီ ပြန်လည် ဖြေကြားပေးခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Call Center သို့ ဆက်သွယ် မေးမြန်းခဲ့သည့် မေးခွန်းများမှ မေးမြန်းမှုအများဆုံးနှင့် တောင်သူ လယ်သမားများအတွက် သိရှိရန်လိုအပ်သည့် ဖြေကြားချက်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်းတွင် ကျေးလက်ကွန်ယက် အစီအစဉ်အဖြစ် ရိုက်ကူးတင်ဆက် ပေးလျက် ရှိသည်။

စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာအကူအညီများလိုအပ်ပါ Hot Line  ၀၁-၂၃၉၉၅၅၅  ၊ ဖုန်း ၀၆၇-၃၄၁၀၁၃၉ သို့ ရုံးဖွင့်ရက်များတွင် နံနက်(၁၀)နာရီ မှ ညနေ (၄)နာရီအတွင်း တိုက်ရိုက် ခေါ်ဆိုမေးမြန်းနိုင် ကြပါကြောင်း၊ Viber  ၀၉-၇၆၄၀၀၀၈၄၁ နှင့် ( စိုက်ပျိုးရေးဦးစီးဌာန Call Center) Facebook  Messenger များတွင်လည်း မေးမြန်းလိုသည့် အကြောင်းအရာ ရေးသားပေးပို့ခြင်း၊ လိုအပ်ပါက ဓါတ်ပုံများ ပူးတွဲ ပေးပို့ခြင်းတို့ဖြင့် မေးမြန်းနိုင်ကြကြောင်း နှင့် တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်း စိတ်ဝင်စား သူများ ၏ သိရှိလိုသည့် နည်းပညာ ရပ်ဆိုင်ရာ တုန့်ပြန်ဖြေကြားပေးမှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway Application တို့ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်းရရှိသည်။