မြန်မာနိုင်ငံ ဘက်စုံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ISSD Myanmar Project ၏ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း ၌ ကျင်းပလျက်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စိုက်ပျိုးရေး သုတေနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊ နယ်သာလန်နိုင်ငံ Wageningen Center for Development Innovation(WCDI) မှ ISSD Programme Leader and Manager ဖြစ်သူ Dr. Judith van der Horst နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် မျိုးစေ့ဌာနခွဲ မှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက် နေ့အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်သည်။
ယနေ့ နံနက်(၈)နာရီ က ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် နယ်သာလန်နိုင်ငံမှ Wageningen Center for Development Innovation(WCDI) မှ ISSD Programme Leader and Manager ဖြစ်သူ Dr. Judith van der Horst တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
လက်ရှိကာလတွင် မျိုးစေ့များကို ပြည်ပနိုင်ငံများ မှ တင်သွင်းနေရပြီး လာမည့် (၅)နှစ် သို့မဟုတ် (၁၀)နှစ်တာကာလအတွင်း မျိုးစေ့တင်ပို့ရောင်းချသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်ရပ်တည်နိုင်ရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမျှော် လင့်ချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် မျိုးစေ့ကဏ္ဍရှိ ပါဝင်ပတ်သက် နေသူများဖြစ်ကြသည့် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ် ရေးဌာနခွဲ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် အကောက်ခွန်၊ စီးပွား/ကူးသန်း စသည့်ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်လုပ်သည့် တောင်သူ အစုအဖွဲ့များအားလုံးတို့က တက်ညီလက်ညီဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များနှင့်ကြုံတွေ့နေရသည့် အတွက် ရာသီဉတု ဖောက်ပြန်မှုကို မြန်မြန်ဆန်ဆန် ပြန်လည်တုံ့ပြန်နိုင်မည့် မျိုးကောင်း မျိုးသန့်များ၊ မျိုးသစ်များဖြင့် အစားထိုး ပြောင်းလဲနိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာ မည်ဖြစ်ပြီး နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဘိုး GDP တိုးတက်ရေးကိုလည်း အထောက် အကူဖြစ်စေနိုင်မှာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မျိုးစေ့ကဏ္ဍတွင် လက်ရှိကျင့်သုံးနေသော ဥပဒေ လုပ်ထုံးလုပ်နည်းများ ကို ပုဂ္ဂလိကကဏ္ဍ က အဆင်ပြေစွာ ကျင့်သုံးလိုက်နာနိုင်ရန် ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့်ဆွေးနွေးပွဲများ ကျင်းပပြီး မျိုးစေ့ကဏ္ဍ တွင် ပါဝင်ပတ်သက်သူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များကို တောင်သူ များ အလွယ်တကူ ရရှိအသုံးပြုနိုင်ရန် မျိုးစေ့ ထုတ်လုပ်မှုတွင် မျိုးစေ့အဆင့် အလိုက် သက်ဆိုင်ရာ မျိုးစေ့ထုတ်လုပ်သူများ က ဆောင်ရွက်ပြီး စျေးကွက်နှင့် ကိုက်ညီသည့် မျိုးများ၏ လိုအပ်သည့် ပမာဏအား စိုက်ပျိုးရာသီနှင့် အချိန်ကိုက် ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်မှု စနစ်တစ်ရပ် တည်ဆောက်နိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ စီးပွားဖြစ် မျိုးစေ့ ထုတ်လုပ်မှုဖွံ့ဖြိုးလာရေးကို မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် WHH (Welthungerhilfe) က ကူညီဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ထုတ်လုပ်ပုံနည်းပညာများ၊ သွင်းအားစု များ၊ စီးပွားရေးနှင့်စျေးကွက်ဆိုင်ရာ နည်းပညာများ ထောက်ပံ့ပေးမှု လုပ်ငန်း များ ကို မျိုးစေ့ထုတ်အစုအဖွဲ့များ၊ မိတ်ဖက်ကုမ္ပဏီများကတဆင့် တောင်သူများဆီသို့ ရောက်ရှိစေရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက သိရသည်။