သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြေယာမှတ်တမ်းများ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက္ကူမြေပုံများနေရာတွင် ဒစ်ဂျစ်တယ် ကွင်းမြေပုံများ အစားထိုးအသုံးပြုမည်

ကွင်းမြေပုံများ ထူထောင်ခြင်း လုပ်ငန်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ ကွင်းဆင်း ကောက်ယူမှတ်တမ်း ပြုစုခြင်း လုပ်ငန်းများ နှင့် တောင်သူတစ်ဦးချင်း လုပ်ပိုင်ခွင့်ရ ဧရိယာစာရင်းများ ဆောင်ရွက်ခြင်း စသည့် မြေယာမှတ်တမ်းများ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်၊ လူအင်အား နှင့် ငွေကြေးကုန်ကျမှု သက်သာ စေပြီး ပိုမိုတိကျမှန်ကန် စေရန် ယခင်အသုံးပြုခဲ့သော စက္ကူမြေပုံများနေရာတွင် ဒစ်ဂျစ်တယ် ကွင်းမြေပုံများဖြင့် အစားထိုးအသုံးပြုတော့မည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန က သိရှိရသည်။

မောင်းသူမဲ့ဒရုန်း အသုံးပြုတိုင်းတာသည့် နည်းပညာ များ ဌာနအတွင်း ဖွံ့ဖြိုးလာစေရန်၊ ဌာနမှဝယ်ယူ ရေးဆွဲနေရသည့် ကောင်းကင်မြေပုံများ၏နေရာတွင် အရည်အသွေးမြင့် ဓါတ်ပုံများ၊ အဆင့်မြင့်ဒီဂျစ်တယ် နည်းပညာများဖြင့် အစားထိုးအသုံးပြုနိုင်ခြင်းဖြင့် မြေယာမှတ်တမ်း စီမံခန့်ခွဲမှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြု စီမံကိန်း (ADSP) ၏ အစီအစဉ်ဖြင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ အတွက် နည်းပညာဆိုင်ရာ သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ(၂) ရက်နေ့ မှ စတင်ကာ နေပြည်တော် Great Wall Hotel ၌ (၁၁)ရက်ကြာ ဆွေးနွေးပို့ချခဲ့ရာ ယနေ့ နံနက်က အဆိုပါဟိုတယ်၌ ကျင်းပသည့် သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲ အခမ်း အနား သို့ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားသည်။

ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုစီမံကိန်း(ADSP)ကို (၂၀၁၅-၂၀၁၆) ခုနှစ်မှ (၂၀၂၀-၂၀၂၁) ခုနှစ်အထိ စီမံကိန်းကာလ(၇)နှစ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းဆည်ရေသောက် ဧရိယာအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြှင့်တင်ခြင်းနှင့် တောင်သူတစ်ဦးချင်း ဝင်ငွေ တိုးတက် စေရေး၊ အိမ်ထောင်စုပေါင်း(၂၅၀၀၀) နှင့် ဆည်ရေသောက်လယ်ယာမြေ (၈၆၀၀၀)ဧကကို တိုက်ရိုက်အကျိုးပြုနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ရာသီအလိုက် စိုက်ပျိုးသီးနှံများ၏ စိုက်ဧရိယာများကို GIS, Remote Sensing နည်းပညာ များဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့် မှတ်တမ်းတင် နိုင်မည်ဖြစ်သည့်အတွက် မြေယာ မှတ်တမ်းများ စီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုစနစ်ကျ ထိရောက်စွာ ဆောင်ရွက်လာ နိုင်မည် ဖြစ်သည့်အပြင် အရေးပေါ်ကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲ ရေး လုပ်ငန်းများတွင် Updated Digital မြေပုံများ နှင့် Geospatial Data များ အသုံးပြုပြီး GIS, Remote Sensing နည်းပညာများနှင့်အတူ တိကျလျင်မြန်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။