ပြည်ထောင်စုအဆင့်သတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တိုင်းဒေသကြီး ပြည်နယ်များသို့ တာဝန်ခံများ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် တွေ့ဆုံ

              နိုင်ငံတော်အစိုးရ နှင့် ဝန်ကြီးဌာန၏  ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ ၊ လုပ်ငန်းစဉ်များ၊ အနာဂတ် မျှော်မှန်းချက်များ ၊ လမ်းညွှန်ချက်များ နှင့်အညီ မိမိတို့ တာဝန်ကျရာ ဒေသအစိုးရများ၏ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များတွင် အားသွန်ခွန်စိုက် ကြိုးပမ်း အကောင် အထည် ဖော် ဆောင်ရွက်ကြစေလိုကြောင်း ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်း က တိုင်းဒေသကြီး ပြည်နယ်များသို့ တာဝန်ခံအဖြစ်ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေး မှူးချုပ်များ ၊ သမဝါယမဦးစီးဌာန ၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနများ မှ တိုင်းဒေသကြီး ပြည်နယ်များသို့ တာဝန်ခံအဖြစ် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများတက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ဒေသသစ် နေရာသစ်များ တွင် မိမိဌာန၏ လုပ်ငန်းတာဝန်များကို ဦးဆောင်ကြရမည့်သူများဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် မိမိနှင့် သက်ဆိုင်သော ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကျွမ်းကျင် ပိုင်နိုင်မှုရှိစွာ ကိုင်တွယ် ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရများ၏ ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအပေါ်  အဂတိတရား(၄)ပါး ကင်းစွာဖြင့် အထောက်အပံ့ ကောင်းပေး နိုင်သူများ ဖြစ်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊နိုင်ငံဝန်ထမ်းတစ်ဦး အနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်း တာဝန်များကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် မိမိတို့၏စွမ်းရည်မြင့်မားရေးသည် အဓိကကျ သဖြင့် မိမိတစ်ဦးချင်း စီ ၏ လုပ်ငန်း ကျွမ်းကျင်မှုတိုးတက်ရေး စဉ်ဆက်မပြတ်အားထုတ် သွားကြရန် လိုအပ်သကဲ့သို့  မိမိတို့၏ လက်အောက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရေး အတွက် ကိုလည်း စီမံဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ၊ လုပ်ငန်းများအောင်မြင်စေရန် အစွမ်းကုန် ကြိုးပမ်း အားထုတ်မှုနှင့်အတူ  အဂတိတရား ကင်းရှင်းရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာန ဂုဏ်ကို ဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။