Covid-19 Economic Relief Plan(CERP)တွင်ပါရှိသော လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုအားတုန့်ပြန်မည့် အစီအစဉ် Action Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ဇွန်လ (၁၁) ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကား ပြောကြားရာ၌ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍ အပေါ် အကျိုး သက်ရောက်မှုအား တုန့်ပြန် ဆောင်ရွက် ရာ၌ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ ၊ အသေးစား ကုန်ထုတ်လုပ်မှုကဏ္ဍများပါဝင်သည့် ဘက်စုံထောင့်စုံမှ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ Covid-19 အလွန် ကာလတွင် ပြန်လည် ထူထောင် နိုင်ရေးအတွက် အစီအမံများကိုလည်း ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများ အလိုက်အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။