ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ-ကိုရီယား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ် ကျင်းပ

မြန်မာ-ကိုရီယား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ် ကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC သင်တန်းခန်းမ၌  ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာအောင်သူ နှင့်လွှတ်တော်ရေးရာကေရ်မတီများမှ ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang-Hwa၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Chief Representative Ms. Lee Youn Soo နှင့် တာဝန်ရှိသူများ၊အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာ ခေါင်းဆောင်များ နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံအကြား ၂၀၁၄ ခုနှစ်မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြန်မာဆယ်မားအူးလ်အွန်ဒုန် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းဟာ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်တဲ့ မြန်မာ – ကိုရီယား စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖိုရမ် (Myanmar-Korea Agriculture and Rural Development Forum) အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရန် ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ကိုရီယားဘက်မှ တာဝန်ရှိသူများအားလုံးကို ဝန်ကြီးဌာန ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံလူဦးရေ၏ (၇၂) ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းအပေါ် မှီခို အသက်မွေးနေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး KOICA ရဲ့ အထောက်အပံ့ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော မြန်မာဆယ်မား အူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဟာ ကိုရီးယား – မြန်မာ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုများကို တိုးတက် ဖော်ဆောင်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် မူလ ရည်ရွယ်ချက် များအတိုင်း အချိန် နှင့် တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ပါတယ်။

ဒီကနေ့တွင်  ကိုရီယားသမ္မတနိုင်ငံဟာ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်း စာရင်းဝင်နိုင်ငံအဖြစ်သို့ ရောက်ရှိ ရပ်တည်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ဆယ်မားအူးလ်အွန်ဒုန်၏ စိတ်ဓါတ် ဖြစ်သော ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ စိတ်ဓါတ်တွေကို အခြေခံခြင်း ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ကိုရီးယားနိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်းရဲ့ အောင်မြင်မှု အတွေ့အကြုံ၊ အောင်မြင်မှု စံနမူနာတွေကို မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အတွေ့အကြုံ မျှဝေပေးရုံသာမက ငွေကြေး နှင့် နည်းပညာဆိုင်ရာများ ကူညီထောက်ပံ့ပေးတဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ပါတယ်။

စီမံကိန်းကျေးရွာများကို စီမံကိန်းပထမနှစ်အတွင်း အမေရိကန် ဒေါ်လာ (၂၀၀၀၀) စီ ညီမျှစွာ ထောက်ပံ့ပေးခဲ့သော်လည်း စီမံကိန်း ဒုတိယနှစ်မှစ၍ ကျေးရွာများကို အရေအတွက်အရရော အရည်အချင်း အရပါ အကဲဖြတ် အမှတ်ပေးပြီး ထူးချွန်သော ကျေးရွာများကို ပိုမို ထောက်ပံ့ပေးသော အစီအစဉ်ဟာ ကျေးရွာသူ/ ကျေးရွာသားများကို အပြိုင်အဆိုင် စိတ်ဓါတ်များဖြင့် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုကြိုးစားချင်လာအောင် လှုံ့ဆော်ပေးနိုင်၍ အလွန်မှ ကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ငွေကြေး အထောက်အပံ့အကူအညီများ၊ ကိုရီးယားပညာရှင်များ၏ အဓိက ကျသော နည်းပညာ အထောက်အပံ့အကူအညီများ၊ အတွေ့အကြုံကောင်း များဖြင့် မြန်မာနိုင်ငံဆယ်မာအူးလ် အွန်ဒုန်စီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခု၊ မြို့နယ် (၂၇)မြို့နယ်ရှိ ရှေ့ပြေးစံပြ ကျေးရွာပေါင်း (၁၁၀) ရှိ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားလာပြီး  ရှေ့အနာဂတ် မှာ တစ်နိုင်ငံလုံးရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လည်း စံပြနမူနာဖြစ်စေပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု ၂၀၁၉-၂၀၂၀ခုနှစ်မှာ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၀) ရွာ၊ မန္တလေးတိုင်းဒေသကြီး တွင်  (၁၀)ရွာ၊ ရခိုင်ပြည်နယ်တွင် (၅)ရွာ နှင့် ရှမ်းပြည်နယ်တွင် (၁)ရွာ၊ စုစုပေါင်း (၂၆)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

ယနေ့ ဖိုရမ်ကို တက်ရောက်လာကြတဲ့ စီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာ ခေါင်းဆောင်များနဲ့ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ (၂၆) ရွာမှ ကျေးရွာခေါင်းဆောင်များကို ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ “အောင်မြင်သော ကျေးရွာတိုင်း တွင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ရှိကြသည်” ဆိုတဲ့အတိုင်း ခေါင်းဆောင်ဆိုတာ မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနစ်နာခံ အပင်ပန်းခံပြီး ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ ဦးဆောင်မှုနဲ့ စံနမူနာယူပြီး ကျေးရွာသူ/ ကျေးရွာသားများကပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ သာလျှင် လုပ်ငန်းအောင်မြင်မှု ရရှိမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဆယ်မားအူလ်အွန်ဒုန် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းဟာ လက်ရှိရရှိနေတဲ့ အောင်မြင်မှုတွေမှာ ကျေနပ် မနေဘဲ ဒီဖွံ့ဖြိုးတိုးတက်မှုတွေ အောင်မြင်မှုတွေကို ရေရှည်တည်တံ့ နေအောင် အခြားကျန်ရှိနေသေးတဲ့ ကျေးရွာများကိုပါ ဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် ရှေ့ဆောင်လမ်းပြဖြစ်လာအောင် မူဝါဒတွေ နည်းဗျူဟာ တွေ လမ်းညွှန်ချက်တွေ စနစ်တကျ ချမှတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ကြီးကြပ်မှုတွေနဲ့ အတူ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယနေ့ ရောက်ရှိနေတဲ့ စိုက်ပျိုး ပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမမှာ ရေးထားတဲ့ “ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံဖြစ်သည်” ဆိုတဲ့အတိုင်း ယနေ့ ပြုလုပ်သော ဖိုရမ်မှတစ်ဆင့် မြန်မာဆယ်မားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းရဲ့ အောင်မြင်မှုတွေကို အခြေခံပြီး မြန်မာနိုင်ငံ ကျေးလက်ဒေသတွေသာမက တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယနေ့တက်ရောက်လာကြတဲ့ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ခေါင်းဆောင်များအားလုံးကို အောင်မြင်မှုများရရှိအောင် ဦးဆောင်မှုပေးပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် စီမံကိန်းလွန်ကာလတွေမှာလည်း တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးမှာကြား တိုက်တွန်းအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် မြန်မာဆယ်မားအူး(လ်)အွန်ဒုန် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးတဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မှ တာဝန်ရှိသူများ၊ မြန်မာ ဆယ်မားအူးလ်အွန်ဒုန် စီမံကိန်းမန်နေဂျာနှင့် ကိုရီးယား မှ ကျွမ်းကျင် ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးစေရန် ကိုရီးယားသမ္မတ နိုင်ငံမှ စဉ်ဆက်မပြတ် ပံ့ပိုးပေးတဲ့ နည်းပညာအကူအညီနှင့် ငွေကြေးအထောက်အပံ့ များအတွက် ကိုရီးယားသမ္မတနိုင်ငံအစိုးရနဲ့ ပြည်သူများကို အထူးပင် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။   ဟုပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang-Hwa က ဂုဏ်ပြုအမှာစကားပြောကြားသည်။


စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က
 ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ တို့၏ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ယနေ့ကျင်းပတဲ့မြန်မာ-ကိုရီးယား စိုက်ပျိုးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ် (Myanmar Korea Agriculture and Rural Development Forum) ကို တက်ရောက် လာသော ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး Mr. Lee Sang-Hwa နှင့်တကွ ကိုရီယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Chief Representative Ms. Lee Youn Soo နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ကိုရီယားမှ မိတ်ဆွေများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာခေါင်းဆောင်များနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးတို့ကို စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာ ခြင်းများနဲ့ ပြည့်စုံပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါဟု နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) နှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနတို့ နှစ်ဖက် လက်မှတ် ရေးထိုးပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခု၊ မြို့နယ် (၂၇) မြို့နယ်၊ ကျေးရွာပေါင်း (၁၁၀) မှာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ဆယ်မားအူးလ် အွန်ဒုန်ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းသည် အထူးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြသော တက်ရောက်လာသူများ အားလုံး သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒီစီမံကိန်းကြီးဟာ ကျေးရွာများတွင် ရုပ်ပိုင်းဆိုင်ရာ မြင်သာသော တိုးတက်ပြောင်းလဲမှုများသာမက စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေဖြစ်တဲ့ ပိုင်ရှင်စိတ်ဓါတ်ရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း အစရှိတဲ့ မမြင်ရသောရလဒ်များစွာလည်း ရရှိနိုင်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး ကျေးရွာခေါင်းဆောင်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများကို စွမ်းဆောင်ရည်မြင့်မားလာအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းသက်တမ်း ပြီးဆုံးတော့မည်ဖြစ်သော်လည်း စီမံကိန်းလုပ်ငန်း များမှာ ပြီးဆုံးမှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားကြရမှာဖြစ်တဲ့အတွက် စီမံကိန်းလွန်ကာလမှာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို လည်း ရေးဆွဲပြုစုထားရှိပြီးဖြစ်ပါတယ်။ စီမံကိန်းရဲ့ဝင်ငွေတိုး လုပ်ငန်းစဉ် အောက်မှာ တိုးပွားလာတဲ့ ကျေးရွာရန်ပုံငွေများသည် အနည်းဆုံး သိန်း(၄၀၀)ကျော်မှ အများဆုံး သိန်း(၁၀၀၀)ကျော်ထိရှိလာမှာဖြစ်တဲ့အတွက် အတိုးရရှိလာသော ငွေကြေးတို့အား သင့်လျော်သော အချိုး နှုန်းထားများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်ရန် အစီအမံများ ချမှတ်ထားပြီး ဦးဆောင်ကော်မတီသို့ တင်ပြ၍ အတည်ပြုချက် ရယူကာ စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

စီမံကိန်းကာလ ပြီးဆုံးသွားသော်လည်း စီမံကိန်းလုပ်ငန်းများသည် ရေရှည်ဆက်လက်လုပ်ဆောင်သွားကြရမှာဖြစ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းကျေးရွာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးကြပ်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ စီမံကိန်းကျေးရွာများအား ဆက်လက်ပံ့ပိုးကြီးကြပ်ဆောင် ရွက်သွားကြရမှာဖြစ်ပါတယ်။ ထို့ပြင် ၂၀၁၉-၂၀၂၀ ခုနှစ်မှာ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ရှမ်း၊ ရခိုင်ပြည်နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေနဲ့ ကျေးရွာပေါင်း (၂၆) ရွာအား တစ်ရွာလျှင် ကျပ်သိန်း (၃၀၀) စီဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်လက်၍လည်း မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း (၆၄၀၀၀) မှ ကျန်ရှိနေသော ကျေးရွားများမှာလဲ စီမံကိန်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားကြရမှာဖြစ်ပါတယ်။ တိုးချဲ့ ဆောင်ရွက်မည့် ကျေးရွာ (၂၆) ရွာမှ ကျေးရွာခေါင်းဆောင်များအတွက်လည်း AERDTC သင်တန်းကျောင်းမှာ (၅) ရက်သင်တန်းများလည်း ဖွင့်လှစ်ပို့ချခြင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်၍လည်း KOICA အထောက်အပံ့ ဖြင့် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အဆင့် (၂) အဖြစ် ICT Supported Participatory Rural Development Project for Hinder Land ကိုလည်း ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း (၂၀) အထောက်အပံ့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုမှာ အကောင်အထည် ဖော် ဆောင်ရွက်သွားနိုင်ဖို့ အစီအစဉ်များလည်း ဆောင်ရွက်လျက်ရှိပါတယ်။

KOICA မှ ထောက်ပံ့ငွေ USD (၉.၅) သန်းဖြင့် ၂၀၁၉ မှ ၂၀၂၃ ခုနှစ် အထိ တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခု၏ မြို့နယ်(၂၇)မြို့နယ်မှာ ဆောင်ရွက် မည့်မြန်မာစိုက်ပျိုးပညာပေးရေးလုပ်ငန်းစွမ်းဆောင်မှု မြှင့်တငခြင်း စီမံကိန်း” ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့ (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်လို့ စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တို့မှာ အမြဲမပြတ် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရီးယားသမ္မတ နိုင်ငံနှင့် KOICA မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စွာ ဆောင်ရွက် သွားကြမည် ဖြစ်ပါကြောင်းနှင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတ နိုင်ငံ ပြည်သူပြည်သားများနှင့်  KOICA မှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ဟုပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(နေ့လယ်ပိုင်းအခမ်းအနားအား ဆက်လက်ဖော်ပြပါမည်)