မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ် ဒုတိယပိုင်းအစီအစဉ် ကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ ၌ ဆက်လက် ကျင်းပရာ စီမံကိန်းမန်နေဂျာ Mr. Lee Song Woo က စီမံကိန်း၏ တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ကျေးရွာခေါင်းဆောင်များက မိမိတို့ ကျေးရွာများအလိုက် စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ရလဒ်များကိုလည်းကောင်း၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဆယ်မားအူးလ် အွန်ဒုန်စီမံကိန်း အကောင်အထည်ဖော် အောင်မြင်နေမှုများနှင့် တိုးချဲ့ဆောင်ရွက်သွား မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ (၂၆)ရွာ တိုးချဲ့ဆောင်ရွက်မည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ရခိုင် နှင့် ရှမ်းပြည်နယ် တို့အား ဂုဏ်ပြုသောအားဖြင့် KOICA မှ Chief Representative ဖြစ်သူ Ms. Lee Youn Soo က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း ထံ ကွန်ပျူတာနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများအား လွှဲပြောင်း ပေးအပ်သည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာ (၁၁၀)သို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် စံပြကျေးရွာ များမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် သင်တန်းကျောင်းအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
နေ့လယ်ပိုင်းတွင် မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖိုရမ် ကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူ အသီးသီး က မြန်မာနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ စီမံကိန်းလွန်ကာလ ကျေးရွာ ရန်ပုံငွေ စီမံခန့်ခွဲမှု လမ်းညွှန်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ အခန်းကဏ္ဍကိုလည်းကောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာဆယ်မား အူးလ် အွန်ဒုန်စီမံကိန်း၏ ရလဒ်များအပေါ် စစ်တမ်းကောက်ယူသည့် ပုံစံများကို လည်းကောင်း ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။
ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း၏အကျိုးဆက်အဖြစ် ယခု ၂၀၁၉-၂၀၂၀ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် (၁၀) ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် (၁၀)ရွာ၊ ရခိုင်ပြည်နယ် တွင် (၅)ရွာ နှင့် ရှမ်းပြည်နယ်တွင် (၁)ရွာ၊ စုစုပေါင်း (၂၆)ရွာကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ KOICA အထောက်အပံ့ဖြင့် ဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း အဆင့်(၂) အဖြစ် ICT Supported Participatory Rural Development Project for Hinder Land ကိုလည်း ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း (၂၀) အထောက်အပံ့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုမှာ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ မှ ၂၀၂၃ ခုနှစ် အထိ တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခု၏ မြို့နယ်(၂၇)မြို့နယ် တွင် ဆောင်ရွက်မည့် မြန်မာစိုက်ပျိုးပညာပေးရေးလုပ်ငန်းစွမ်းဆောင်မှု မြှင့်တင်ခြင်း စီမံကိန်း” ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့ အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရ သည်။