ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်းအဝေး ကျင်းပ

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာလ(၁) ရက်နေ့မှ (၄) ရက်နေ့ အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အစည်းအဝေး သို့ မြန်မာနိုင်ငံ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား စီမံကိန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် စီမံကိန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦး တို့ ပါဝင်တက်ရောက်ကြကာ စီမံကိန်း ဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၁၂)ဦးတို့က လေ့လာသူများအဖြစ် ပါဝင်တက်ရောက် ခဲ့ကြ သည်။

ဒေသတွင်းအစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM) ကို စက်တင်ဘာ (၁)ရက် နှင့်(၂)ရက် နေ့များ တွင်လည်းကောင်း၊ ဝန်ကြီးများအဆင့်အစည်းအဝေး (Ministerial Meeting) ကို စက်တင်ဘာ (၃)ရက်နှင့် (၄)ရက်နေ့ များ တွင် လည်းကောင်း အပိုင်း (၂) ပိုင်းဖြင့် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် (၃၅၃)ဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးပထမရက်တွင် သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ်ခြင်း၊ အစည်းအဝေးအစီအစဉ်များကို အတည်ပြုခြင်း၊ အစည်း အဝေးအစီအစဉ်ပါ အကြောင်းအရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

Virtual Mode ဖြင့် (၄) ရက်ကြာ ကျင်းပသည့် အဆိုပါအစည်းအဝေး၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် Covid 19 ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ ၏ စားနပ် ရိက္ခာ နှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန် ဆောင်ရွက် ပေးမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများ က ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ရေစီမံ ခန့်ခွဲမှုအတွက် ဒေသတွင်းဦးစားပေးအစီအစဉ်များ ချမှတ်ခြင်း၊ ပစိဖိတ်ဒေသတွင်း စားနပ် ရိက္ခာနှင့် အာဟာရ ပြည့်ဝရေး သေချာစေရန် လုပ်ကွက်ငယ် ရေလုပ်သားများအတွက် ပြန်လည် ထူထောင်ရေး အစီအစဉ်များ ချမှတ်ရေး၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများအတွက် ဘေးဒဏ် ခံနိုင်ပြီး ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာစနစ် ထူထောင်ခြင်း ဆိုင်ရာနှင့် Multi-year Programme of Work (MYPOW) (2020-2023) ရေးဆွဲရေး၊ FAO ၏ (၂၀၁၈- ၂၀၁၉) ခုနှစ်အတွင်း ဆောင်ရွက် နိုင်ခဲ့သည့် ရလဒ်များ၊ FAO ၏ New Strategic Framework နှင့် (၂၀၂၀-၂၀၂၁) ခုနှစ်အတွင်း ဒေသတွင်း ကနဦး အကောင်အထည်ဖော် ဆောင်ရွက် မှုများအတွက် ပြန်လည် စိစစ်သုံးသပ် ရေးဆွဲခြင်းကိစ္စရပ်များ၊ ဗဟိုအဆင့်မှ ဒေသတွင်း နိုင်ငံများ၏ လိုအပ်ချက်များအရ ချဉ်းကပ် ဆောင်ရွက်မည့်စနစ်သို့ ကျင့်သုံးမည့် Decentralized Offices Business Model အပေါ် ပြန်လည်စိစစ်သုံးသပ်ခြင်းကိစ္စရပ်များ၊ နောက်တစ်ကြိမ်ကျင်းပမည့် FAO ၏(၃၆) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးရက် နှင့် ကျင်းပ မည့်နေ့ရက် ရွေးချယ်အတည်ပြုခြင်း တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။(၃-၉-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀) ရက်နေ့အထိ ကျင်းပမည့် ဝန်ကြီးများအဆင့်အစည်း အဝေး သို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ က ဆက်လက် တက်ရောက်သွားကြ မည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဒေသတွင်းနိုင်ငံများ၏ ကိုယ်စားလှယ်များ က SOM Meeting Report ကို အတည်ပြုခြင်း၊ သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ် ခြင်း၊ FAO ညွှန်ကြားရေးမှူးချုပ်၊ FAO Council ၏ Independent Chairperson၊ World Food Security ဆိုင်ရာ Committee ၏ Chairperson၊ CSO နှင့် Private Sector တို့က ပုဂ္ဂိုလ်များ၊ ဒေသတွင်းနိုင်ငံများ ၏ Head of Delegation များက Statement များ ဖတ်ကြား ခြင်း၊ SDGs ကို အောင်မြင်စွာ ဖော်ဆောင် နိုင်ရေး၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအသုံးပြုမှု အရှိန် မြှင့်တင်ရေးအတွက် အကြံပြု ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။