ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သမဝါယမအသင်းများ ဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်ရန် သမဝါယမဦးစီးဌာန က ထိန်းကျောင်း ကူညီပေးခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်ပေးလျက်ရှိပြီး ဗဟိုသမဝါယမ အသင်း ၏ ဦးဆောင်မှုဖြင့် အသင်းတိုင်းသည် လွတ်လပ်သော အသင်းအဖွဲ့များအဖြစ် ရပ်တည်လုပ်ဆောင် နေကြခြင်းအပေါ် သမဝါယမလုပ်ငန်းစဉ်များ၏ အသွင်သဏ္ဍာန် နှင့် အနှစ်သာရ ကို ပေါ်လွင်စေခြင်း ဖြင့် ပြည်သူအများစု ၏ စိတ်ပါဝင်စားမှုကိုရယူပြီး ပိုမို ဖွံ့ဖြိုးအောင်မြင်သော သမဝါယမကဏ္ဍ ကို တည်ဆောက် အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း သြဂုတ်လ ၃၁ ရက် ညနေပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဗဟိုသမဝါယမ အသင်း ဥက္ကဋ္ဌ ၊ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဌ ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနဦးစီးမှူးများ၊ အသင်းစုချုပ် ဥက္ကဋ္ဌများ ပါဝင်ဆွေးနွေး ကြသည်။အစည်းအဝေးတွင် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု ၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်း များကို သက်ဆိုင်ရာဒေသအလိုက်  အမှန်တကယ်လုပ်ဆောင်နိုင်မည့် အခြေအနေများပေါ်မူတည်ပြီး ပူးပေါင်းဆက်စပ်ဆောင်ရွက်သွားရန်နှင့် သမဝါယမဖွံ့ဖြိုး တိုးတက် ရေး Road Map နှင့် Master Plan ရေးဆွဲ၍ ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီး က တိုက်တွန်းပြောကြား သည်။

ဗဟိုသမဝါယမအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ (၁၉၉၃) ခုနှစ် တွင် ဝင်ရောက်ခဲ့ပြီး လယ်ယာကုန်ထုတ်သမအသင်း ပေါင်း (၂၇၃၉၈) သင်း နှင့် စိုက်ပျိုးမြေ ဧရိယာ(၃၃၄၁)ဧကတွင် Contract Farming ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အသင်းသား ပြည်သူ(၄.၂၁)သန်းဖြင့် ဖွဲ့စည်းထားကာ ကုန်ထုတ်လုပ်မှု သမဝါယမအသင်း (၃၂၅၂၄)သင်း၊ ဝန်ဆောင်မှု သမဝါယမအသင်း(၃၉၄၄)သင်းနှင့် ကုန်သွယ်မှု သမဝါယမအသင်း (၃၁၂၂)သင်း ရှိ၍ သမဝါယမအသင်းပေါင်း (၄)သောင်းခန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားများ၏ အရင်းအနှီး မ,တည်ငွေ ရရှိရန် EXIM Bank of China မှ ချေးငွေများရယူပြီး လယ်ယာစိုက်ပျိုးရေး စရိတ်အဖြစ် အသေးစား အရင်းအနှီးချေးငွေ ထုတ်ချေးပေးခြင်း၊ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း၊ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အတွက် ချေးငွေများ ထုတ်ချေးပေးခြင်း၊ မျိုးစေ့ထုတ် သမဝါယမ အသင်း(၁၇၃) ဖွဲ့စည်းပြီး မျိုးစေ့ထုတ်(၁၂၇၇၅.၇၂) ဧက အတွက် မျိုးစေ့ထုတ် တောင်သူများအား ချေးငွေထုတ်ချေး ပေးခြင်းတို့ကို ကျပ်(၂.၁၆၄) ဘီလီယံ အထိ ဆောင်ရွက်ပေးထားကြောင်း သိရ သည်။