ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် ၊ နေပြည်တော်အတွင်းဆောင်ရွက်လျက် ရှိသည့် CERP လုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေး

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များလိုက်ပါလျက် သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စိုက်ပျိုး နည်းပညာပြန့်ပွားရေးစင်တာတွင် မိုးစပါးမျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများ အား ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံသည်။

ရှေးဦးစွာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး က ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊  မိုးသီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် CERP အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ Covid-19 ကြောင့် လူစုလူဝေးဖြင့် ဆောင်ရွက်ရသော စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍ ပေါင်းစုံကို ထိခိုက်မှု ရှိနေသော်လည်း စိုက်ပျိုးရေးလုပ်ငန်း ၏ သဘာဝအရ လေဝင်လေထွက်ကောင်းသော ဝန်းကျင်၌ လူတစ်ဦး နှင့် တစ်ဦး ထိုက်သင့် သည့်အကွာအဝေး တွင် လုပ်ငန်းဆောင်ရွက်နိုင်ကြသည့်အတွက် လယ်ယာလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် က Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေး ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်” (CERP)တွင် လယ်ယာကဏ္ဍဆိုင်ရာ အထောက်အပံ့ ကို ထည့်သွင်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေး ၊ ပြည်ပဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အားကိုးအားထားပြု နေရသည့် တောင်သူများ အနေဖြင့်လည်း မိမိတို့မိသားစု နှင့် မိမိတို့ရပ်ရွာ ဘေးကင်းကျန်းမာရေးကို အလေး ဂရုပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား CERP အရ ထောက်ပံ့ငွေများပေးအပ်ကြသည်။ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် နှင့် အကျိုးဆောင် တောင်သူ များ စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး အားပေးကြရာ တာဝန်ရှိသူ များက ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအပါအဝင် လိုအပ်သည့် နည်းပညာ အကူအညီများ အနည်းကပ်ဆောင်ရွက်ပေးနေမှုတို့ကို  ရှင်းလင်း တင်ပြကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ၃၈၂၉.၅ ဧက စိုက်ပျိုး ရန်လျာထားပြီး ယနေ့အထိ (၆၉.၉၉%)ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မိုးစပါး ၁၄၄၀၈၂ ဧက အပါအဝင် မိုးသီးနှံစုံ စိုက်ဧကစုစုပေါင်း ၃၀၉၂၂၁ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ကျေးရွာပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း နှင့် မိသားစုအိမ်ခြံဝန်းစိုက်ခင်းများကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။

          သော်မှော်ကုန်းကျေးရွာ ကျေးရွာသစ်စီမံကိန်းခန်းမဆောင် တွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး အစီအစဉ်ဖြင့် Myanmar SMU စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့မှုကိုလည်းကောင်း၊ စီမံကိန်းလွန် ကာလ ကျေးရွာခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ် မှုနှင့် စိုက်ပျိုးရေးဦးစီးဌာန က နည်းပညာ အကူအညီများ ပံ့ပိုးပေးနေမှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ဆွေးနွေး မှာကြားရာ၌ Myanmar SMU ကျေးရွာများသည် စံနမူနာကောင်းပြ ကျေးရွာများ ဖြစ်သည်နှင့်အညီ အခြားကျေးရွာများ ကိုလည်း ဖွံ့ဖြိုးသောကျေးရွာများအဖြစ် လက်တွဲခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် အသေးစိတ်ဆွေးနွေးမှာကြားသည်။

လယ်ဝေးမြို့နယ် ရှိ သော်မှော်ကုန်း၊ ကံသာ၊ ကျွန်းကုန်း၊ ကြံခင်းစု၊ ရန်ကင်း စသည့်ကျေးရွာ (၅)ရွာအပါအဝင် နေပြည်တော် အတွင်း ကျေးရွာပေါင်း ၄၀ ၌ Myanmar SMU စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး၊ ဝင်ငွေတိုးပွားရေး စသည့်လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျက်ရှိကြောင်း သိရသည်။          ၎င်းမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ တွင် CERP အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းကို ကြည့်ရှု စစ်ဆေးအားပေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။          သစ်တပ်ကျေးရွာတွင် Cash for Work စီမံကိန်းကို နိုင်ငံတော်၏ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) ဖြင့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊ မြေသားမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ကို ဒေသနေ ပြည်သူများ ဝင်ငွေရရှိရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရှိ သုတေသနစိုက်ခင်းများ နှင့် မျိုးစေ့ပြခန်း များ၊ သုတေသန ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များက ရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။