ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ။

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေး(တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို သြဂုတ်လ (၂၈) ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၄) ရက်နေ့ က နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ပြည့်နှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းများကို (တတိယအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသူများ က နည်းဥပဒေ မူကြမ်းတွင် ထည့်သွင်း ပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့ က ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် နည်းဥပဒေ မူကြမ်း အပိုဒ် ၊ အပိုဒ်ခွဲအလိုက် အ‌သေးစိတ် သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။