ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၂၀-၂၀၂၁ခုနှစ်၊ ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်း နှင့် ပင်လယ်ငါးလုပ်ငန်း ဆိုင်ရာအစည်းအဝေးကျင်းပ


           မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း နော်ဝေနိုင်ငံ Dr. Fridtjof Nansen ၏ သုတေသနပြု လေ့လာတွေ့ရှိချက်များအရ ဖမ်းဆီးခွင့်ပြုနိုင်မှုမှာ မက်ထရစ်တန်(၁)သိန်း ဖြစ်သော်လည်း လက်ရှိတွင် တန်ချိန်(၃)သန်းနီးပါး ဖမ်းဆီးထုတ်လုပ်နေခြင်း၊ FAO နှင့် World Bank တို့၏ ရေငန်ငါး ဖမ်းဆီးထုတ်လုပ်မှုအပေါ် သုံးသပ်တင်ပြချက်များအရ ငါးအလွန်အကျွံ ဖမ်းဆီးထုတ်လုပ်နေခြင်း တို့ကြောင့် စည်းမျဉ်းစည်းကမ်းများနဲ့အညီ ထိန်းသိမ်းဆောင်ရွက်သွားရန် နှင့် ငါးသယံဇာတ မပြုန်းတီးရေးကို ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်သည့် ၂၀၂၀-၂၀၂၁ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ် ငါးလုပ်ငန်းဆိုင်ရာအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင် အသင်းများမှ တာဝန်ရှိ သူများ၊ ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများ တက်ရောက် ကြသည်။            အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ငါးလုပ်ငန်း များ စီမံခန့်ခွဲရာ တွင် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ထားသည်နှင့်အညီ ယင်းအဖွဲ့အစည်းများ၏ ကတိကဝတ် စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်လျှက်ရှိရာတွင် တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး Combat IUU Fishing ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS ကို ကျင့်သုံးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့အပြင် Safety at Sea ပင်လယ်ပြင်တွင် ဘေးကင်း လုံခြုံရေး စည်းကမ်းသတ်မှတ်ချက်များ၊ ILO ကချမှတ်ထားသည့် ငါးလုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ ပြဌာန်းချက် အမှတ် 188(Convention concerning work in Fishing Sector) နှင့် တိုက်တွန်းချက် Recommendation 199 တို့ကိုလည်း လိုက်နာ ဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာန က လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ ကို ချမှတ်ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါး၊ ပုစွန်သယံဇာတတည်ရှိမှုကို နော်ဝေနိုင်ငံ မှ သုတေသနရေယာဉ် Dr. Fridtjof Nansen ၏ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် တို့တွင် သုတေသနပြု တွေ့ရှိချက်များအရ ၁၉၇၉-၁၉၈၀ခုနှစ်တွင် အမြင့်ဆုံး ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှု MSY မှာ တန်ပေါင်း (၁.၀၅)သန်း ရှိရာမှ လက်ရှိတွင် ဖမ်းဆီးခွင့်ပြုနိုင်မှုမှာ တန်ပေါင်း (၀.၁)သန်းသာဖြစ်ကြောင်း ၊ Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့်ပင် ၂၀၁၈ ခုနှစ်တွင် ထပ်မံသုတေသနပြု လေ့လာ တွေ့ရှိချက်များအရ ရေပေါ်လွှာ ငါးသယံဇာတမှာ ၁၉၇၉-၈၀ ခုနှစ် တွင် တန်ချိန်(၁)သန်းခန့်ရှိရာမှ ၂၀၁၃-၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များ၏ ရေပေါ်လွှာ ငါးထုထည် ပမာဏမှာ တန်ချိန်(၀.၁၅၅)သန်း သာ ရှိသဖြင့် (၈၀%)ခန့်လျော့နည်းသွားကြောင်း၊ ရေအောက် ငါးမှာ ယခင်က တန်ချိန်(၀.၇၅)သန်း ရှိရာမှ လက်ရှိတွင် တန်ချိန်(၀.၃၀၆)သန်း သာရှိသဖြင့် (၆၀%)ခန့် လျော့နည်းသွားကြောင်းသိရသည်။

FAO ၏စာရင်းဇယားများအရ ပင်လယ်ငါးဖမ်းလုပ်ငန်း၏  ဖမ်းဆီးထုတ်လုပ်မှုကို (၂၈-၁၂-၂၀၁၉)ရက်နေ့အထိ နိုင်ငံအလိုက်ဖော်ပြချက်မှာ (၁၉၂)နိုင်ငံ၌ မြန်မာနိုင်ငံ အနေဖြင့် ပင်လယ် ငါးဖမ်းဆီးထုတ်လုပ်မှုလုပ်ငန်း(Country Ranking)ကို အဆင့်(၁၀)တွင်ရှိနေရာ ငါးဖမ်းဆီး ထုတ်လုပ် မှုမှာ မက်ထရစ်တန်ချိန်(၂.၀၇၂)သန်းရှိခဲ့ကြောင်း၊ အလားတူ  ဖွံ့ဖြိုးဆဲနိုင်ငံ(LDCs)တွင် ပါဝင်သော မြန်မာနိုင်ငံ အနေဖြင့် ရေငန်ငါးဖမ်းဆီးထုတ်လုပ်နိုင်မှု အချိုးအစားပါဝင်မှုမှာ (၁.၄၀% – ၁.၆၀%) သို့ရောက်ရှိနေသဖြင့် LDCs နိုင်ငံများတွင် ထုတ်လုပ်မှုပမာဏ အများဆုံးဖြစ်နေကြောင်း ဖော်ပြ ထားပြီး World Bank ၏အစီရင်ခံစာအရလည်း တစ်နှစ်လျှင် မက်ထရစ် တန်ချိန်ပေါင်း(၁)သန်း မှ (၃)သန်းအထိ ထုတ်လုပ်နေသည်ဟု ဖော်ပြထားသဖြင့် ၎င်းပမာဏ သည် ငါးအရင်းအမြစ်များ အလွန်အကျွံ ဖမ်းဆီးထုတ်ယူခြင်း ဖြစ်ကြောင်း နှင့် ပင်လယ်ငါးအရင်းအမြစ်များကို များစွာ ထိခိုက် ကျဆင်းစေကြောင်း ဖော်ပြထားခြင်းများကို တွေ့ရှိရပါသည်။

            ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ငါးဖမ်း ရာသီများ၌ ငါးဖမ်းရေယာဉ် များကို ရာခိုင်နှုန်းပြည့် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာသတ်မှတ် ဆောင်ရွက်ခဲ့ခြင်း အတွက် ရလာဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ အာဆီယံဒေသတွင်းရှိနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နန်နိုင်ငံတို့အား ဥရောပသမဂ္ဂ က Yellow Card ပြသ အရေးယူသည့် ဖြစ်စဉ်များရှိခဲ့သဖြင့် ငါးဖမ်းစွမ်းအားစု ငါးဖမ်းလှေများ တိုးမြှင့်ပေးရန် အခက်အခဲရှိပါကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပြောသည်။

ယနေ့အစည်းအဝေးတွင် လွှတ်တော်ရေးရာကော်မတီများ မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ နှင့် ငါးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူများ က ၂၀၂၀-၂၀၂၁ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်း နှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။